ရင်တွင်းစကား

မိမိ သိသမျှသော Economics နှင့် ပတ်သက်သည့် သင်ခန်းစာ ဆောင်းပါးများ၊ Accounting, Finance နှင့်ပတ်သက်သည့် သင်ခန်းစာ ဆောင်းပါးများကို စေတနာသန့်သန့်ဖြင့် ဝေမျှထားပါသည်။ စာရေးသူသည် သိပ်တော်၊ သိပ်တတ်နေတဲ့ ပညာရှင် တစ်ယောက် လုံးဝ မဟုတ်ပါ။ ဒါကြောင့် အမှားများပါလျှင် ခွင့်လွှတ်ကြပါလို့ ….

ဖြူ ဖြူ

Thursday, April 17, 2014

ကော်ပိုရေးရှင်း ဖွဲ့စည်းမှု ပုံစံ

 မြန်မာနှစ်ဆန်း ၁ ရက်နေ့၊ ၁၃၇၆ ခုနှစ်
နတ်၊လူ၊ သတ္တဝါအားလုံး ဘေးရန်၊ ကြောင့်ကြ၊ ဆင်းရဲကင်း၍ ကိုယ်၊စိတ် နှစ်ဖြာ ချမ်းသာကြပါစေ။ ကောင်းကျိုး လိုရာဆန္ဒ ပြည့်ဝကြပါစေ။



စီးပွားရေးလုပ်ငန်းတွေမှာ အခြေခံကျတဲ့ ပုံစံ ၃ မျိုးရှိပါတယ်။ အဲဒါတွေကတော့ တစ်ဦးတည်းပိုင်လုပ်ငန်း (proprietorship)၊ ဖက်စပ်လုပ်ငန်း (partnership)၊ နဲ့ ကော်ပိုရေးရှင်း တို့ဘဲ ဖြစ်ပါတယ်။ အဲဒီထဲမှာ ကော်ပိုရေးရှင်းက ကြီးစိုးထားပါတယ်။ ကော်ပိုရိတ် ပုံစံက အခြား ၂ ခုထက် အကျိုးကျေးဇူးတွေ အများကြီး ရှိသလို အားနည်းချက်လေးတွေလဲ ရှိပါတယ်။ သူ့ရဲ့ အဓိက အားသာချက်ကတော့ ကြီးမား များပြားတဲ့ အရင်းအနှီးများကို ဆွဲဆောင်ခြင်းနဲ့ ထပ်ထပ်ဆင့်ပြီး တိုးပွားလာခြင်းဘဲ  ဖြစ်ပါတယ်။  စာရင်းကိုင်ပညာကို အကျိုးသက်ရောက်နေတဲ့ ကော်ပိုရိတ်ပုံစံရဲ့ အထူး လက္ခဏာရပ်များကတော့ -


  1. ကော်ပိုရိတ် ဥပဒေ၏ သြဇာ လွှမ်းမိုးမှု
  2. စတော့ သို့မဟုတ် ရှယ်ယာ အရင်းအနှီးစံနစ် အသုံးပြုမှု
  3. အမျိုးမျိုးသော ပိုင်ဆိုင်မှု အကျိုးစီးပွား (ownership interest) တိုးတက်ဖွံ့ဖြိုးမှု  တို့ဘဲ ဖြစ်ပါတယ်။

ကော်ပိုရိတ် ဥပဒေ


ကော်ပိုရေးရှင်းကို စတည်ထောင်မယ်ဆိုရင်  ကိုယ် ကော်ပိုရေးရှင်း တည်ထောင်လိုတဲ့ State မှာ articles of incorporation ကို လျှောက်ထားရပါမယ်။ လိုအပ်ချက်တွေ ပြည့်စုံပြီးရင် state က ကုမ္ပဏီကို state ရဲ့ ဥပဒေအရ တရားဝင်အဖွဲ့အစည်းအဖြစ် အသိအမှတ်ပြုပြီး ကော်ပိုရေးရှင်း စည်းမျဉ်းတာဝန်များကို ထုတ်ပေးပါတယ်။ ကော်ပိုရေးရှင်းက အခြားသော state များမှာ ဘယ်နှစ်ခုဘဲ လုပ်ငန်းခွဲတွေ လည်ပတ် လုပ်ကိုင်သည် ဖြစ်စေ၊ ကိုယ်စတင် တည်ထောင်တဲ့ state ကတော့ တစ်ခုတည်းပါဘဲ။ ကိုယ့်အတွက် အကျိုးကျေးဇူး များတဲ့၊ ဥပဒေအရ အသာစီးရတဲ့ state မှာ လုပ်ငန်းစီးပွားကို တည်ထောင်ကြပါတယ်။ state တစ်ခုစီမှာ ကိုယ်ပိုင် ကော်ပိုရေးရှင်း ဖွဲ့စည်းမှု ဥပဒေတွေ ရှိကြပါတယ်။ စတော့ရှယ်ယာများအတွက် စာရင်းသွင်းမှု သည် သက်ဆိုင်ရာ state ရဲ့ ဥပဒေ ပြဌာန်းချက်အတိုင်း လိုက်နာရပါတယ်။ တစ်ခါတရံမှာ state တစ်ခုချင်း အလိုက် ဥပဒေများမှာ ဝေါဟာရ အဓိပ္ပါယ် ဖွင့်ဆိုချက်များဟာ ရှုပ်ထွေးပြီး ကွဲလွဲနေတတ်ပါ တယ်။

စတော့ သို့မဟုတ် ရှယ်ယာ အရင်းအနှီးစံနစ်


ယေဘုယျအားဖြင့် ကော်ပိုရေးရှင်းတစ်ခုရဲ့ အစုရှယ်ယာ အက်ကွီတီမှာ အစုရှယ်ယာ အရေအတွက်များစွာ ပါဝင်ပါတယ်။ စတော့မှာက သာမန်အစုရှယ်ယာ (common stock) နဲ့ အထူးအစုရှယ်ယာ (preferred stock) ဆိုပြီး အတန်းအစား ခွဲထားပါသေးတယ်။ စတော့အတန်းအစား တစ်ခုထဲမှာရှိတဲ့ ရှယ်ယာတစ်ခုစီသည် တစ်ခုနဲ့ တစ်ခု လုံးဝထပ်တူ တူညီပါတယ်။ ပိုင်ဆိုင်တဲ့ ရှယ်ယာအရေအတွက်က ပိုင်ဆိုင်သူ တစ်ဦးစီရဲ့ အကျိုးစီးပွားကို ဆုံးဖြတ်ပေးပါတယ်။ တကယ်လို့သာ ကုမ္ပဏီက စတော့ အတန်းအစားတစ်ခုကို ရှယ်ယာ အရေအတွက် ၁,၀၀၀ သတ်မှတ်ထားရင် ရှယ်ယာ အရေအတွက် ၅၀၀ ပိုင်ဆိုင်သူက ownership interest ရဲ့ တဝက်ကို ချုပ်ကိုင်ထားပါတယ်။ ရှယ်ယာ ၁၀ ခုပိုင်ဆိုင်သူက ၁၀၀ပုံ ၁ပုံကို ပိုင်ဆိုင်ပါတယ်။ အစုရှယ်ယာကို ပိုင်ဆိုင်သူတွေက ကော်ပိုရေးရှင်းကို ကုမ္ပဏီကို ပိုင်ဆိုင်သူတွေဘဲ ဖြစ်ပါတယ်။  ကုမ္ပဏီရဲ့ board of directors အဖွဲ့က ကုမ္ပဏီရဲ့ ကိစ္စအဝဝကို စီမံခန့်ခွဲသူတွေ၊ ဆုံးဖြတ်ချက်ချမှတ်သူ   တွေဖြစ်ပါတယ်။ ပိုင်ရှင်တွေမဟုတ်ပါဘူး။ ရှယ်ယာတစ်ခုစီမှာ အခွင့်အရေးတွေ၊ အကျိုးခံစားခွင့်တွေ ရှိပါတယ်။ ကုမ္ပဏီက ရှယ်ယာတွေကို ထုတ်ဝေတဲ့ အချိန်မှာ အထူးစာချုပ်စာတမ်းနဲ့သာ ဒီအထူးအခွင့်ခံစားခွင့်တွေကို ကန့်သတ်နိုင်ပါတယ်။ ကန့်သတ်မှု ပြဌာန်းချက်တွေ မရှိရင် ရှယ်ယာတစ်ခုစီမှာ အောက်ပါ အခွင့်အရေးများရှိပါတယ် -
  1. အမြတ်နဲ့ အရှုံးကို အချိုးကျ ခွဲဝေခံစားရန်
  2. စီမံခန့်ခွဲမှု (ဒါရိုက်တာများကို ရွေးချယ်ဖို့ မဲပေးရန် အခွင့်အရေး) မှာ အချိုးကျ ခွဲဝေရန်
  3. ကော်ပိုရေးရှင်းကို ဖျက်သိမ်းတဲ့အခါ ကော်ပိုရိတ် ရပိုင်ခွင့်များကို အချိုးကျ ခွဲဝေရန်
  4. preemptive right လို့ခေါ်တဲ့ စတော့အတန်းအစားတစ်ခုမှာ ရှယ်ယာအသစ်တွေ ထပ်ထုတ်လျှင် အချိုးကျ ခွဲဝေ ဝယ်ယူရန် တို့ဘဲ ဖြစ်ပါတယ်။
နောက်ဆုံးတစ်ခုကတော့ ကုမ္ပဏီမှာ အစုရှယ်ယာရှင် တစ်ဦးစီရဲ့ အချိုးကျ ပိုင်ဆိုင်မှု အကျိုးစီးပွားကို ကာကွယ်ဖို့ ဖြစ်ပါတယ်။ ဒီ preemptive right သည် လက်ရှိအစုရှယ်ယာရှင်များကို ပိုင်ဆိုင်မှု အကျိုးစီးပွား ရုတ်တရက် ကျဆင်းသွားမှုမှ ကာကွယ်ပေးပါတယ်။ ဒီ အခွင့်အရေး မရှိလျှင် အစုရှယ်ယာတွေ ထပ်ထုတ်တာကို အစုရှယ်ယာရှင်တွေက မသိလိုက်တာမျိုး၊ ရှယ်ယာအသစ်ရဲ့ ဈေးကွက်ဈေးနှုန်းကလဲ သူတို့ မပေးနိုင်တာမျိုး ဖြစ်တဲ့အခါ သူတို့ရဲ့ နဂိုရှိပြီးသား ပိုင်ဆိုင်မှု အကျိုးစီးပွားတွေဟာ လျော့ကျသွားမှာ ဖြစ်ပါတယ်။ ရှယ်ယာတွေ ထပ်ထုတ်ရင် ရှယ်ယာ တစ်ခုစီရဲ့ ဈေးနှုန်းက ကျဆင်းသွားတာကိုး။ ကုမ္ပဏီက အစုရှယ်ယာများထပ်မံ၍ ထုတ်တဲ့အခါ အစုရှယ်ယာများကို ပြည်သူသို့ မရောင်းသေးခင် လက်ရှိ အစုရှယ်ယာပိုင်ရှင်များကို ဦးစားပေး ဝယ်ယူနိုင်ရန် အခွင့်အရေး ဖြစ်ပါတယ်။ မိမိတို့ လက်ရှိ ပိုင်ဆိုင်ထား သည့် အစုရှယ်ယာ အရေအတွက်ပေါ် အခြေခံ၍ ဝယ်ယူနိုင်ခြင်း ဖြစ်ပါတယ်။  အစုရှယ်ယာများ ထပ်မံ   ဖြည့်တင်း သည့်အတွက် အစုရှယ်ယာရှင်များ၏ ပိုင်ဆိုင်မှု ရာခိုင်နှုန်း ကျဆင်းခြင်း မဖြစ်စေရန် ကာကွယ်သည့်   ပြဌာန်းချက် ဖြစ်ပါတယ်။

သို့သော်လည်း များစွာသော ကော်ပိုရေးရှင်းတွေသည် ဒီ preemptive right ကို ထည့်မထားကြပါဘူး။ ဘာလို့လဲဆိုတော့ သူတို့က အခြားသော ကုမ္ပဏီတွေကို ဝယ်တဲ့အခါမှာ နောက်ထပ် စတော့ရှယ်ယာ အမြောက်အမြား ထပ်ထုတ်ဖို့ အဆင်မပြေလို့ဘဲ ဖြစ်ပါတယ်။

ရှယ်ယာစနစ်သည် လူတစ်ဦးကို သူ့ရဲ့ ကုမ္ပဏီတစ်ခုမှာရှိတဲ့ ပိုင်ဆိုင်မှု အကျိုးစီးပွားကိုလဲ အခြားသော ရင်းနှီးမြှုပ်နှံသူတစ်ဦးကို အလွယ်တကူ လွှဲပြောင်းပေးနိုင်ပါတယ်။ ဥပမာအားဖြင့်  Best Buy က ရှယ်ယာများကို ပိုင်ဆိုင်ထားသူ တစ်ယောက်သည် ကုမ္ပဏီ၏ အခြားသော စတော့ရှယ်ယာ ပိုင်ရှင်များ၏ သဘောတူညီချက် ရယူရန်မလိုဘဲ သူပိုင်ရှယ်ယာများကို အခြားသူထံသို့ မည်သည့်အချိန်၌မဆို၊ မည်သည့် ဈေးနှုန်းနှင့်မဆို ရောင်းချနိုင်ပါတယ်။ ရှယ်ယာတစ်ခုဆီသည် ပိုင်ရှင်၏ ကိုယ်ပိုင် ပစ္စည်းဥစ္စာဘဲ ဖြစ်ပါတယ်။ သူဆန္ဒရှိသလို လုပ်နိုင်ပါတယ်။ Best Buy က အမြတ်ဝေစု ပေးဖို့တို့၊ စတော့ rights တွေ ထုတ်ဖို့တို့ စတာတွေအတွက် ရှယ်ယာရှင်များရဲ့ list ကို ထိန်းသိမ်းထားရုံပါဘဲ။ ရှယ်ယာရှင်တွေက လွတ်လပ်စွာနဲ့ မကြာခဏ ရှယ်ယာတွေကို အရောင်းအဝယ်၊ အလွှဲအပြောင်း လုပ်ကြတဲ့အတွက် အမြတ်ဝေစု မပေးမီ သို့မဟုတ် ရှယ်ယာပိုင်ရှင်များ အစည်းအဝေး မတိုင်မီမှာ ကုမ္ပဏီက စတော့ရှယ်ယာ ရှင်များရဲ့ စာရင်းကို ပြင်ဆင်ပေးရပါတယ်။ ကော်ပိုရေးရှင်းတွေဟာ သူတို့ရဲ့ စတော့တွေကို လွှဲပြောင်းတာ၊ မှတ်တမ်းတင်တာ စတဲ့ ဝန်ဆောင်မှုလုပ်ငန်းကို အထူးပြုလုပ်တဲ့ registrars and transfer agents တွေကိုလဲ အသုံးပြုလေ့ရှိပါတယ်။

အမျိုးမျိုးသော ပိုင်ဆိုင်မှု အကျိုးစီးပွား


ကော်ပိုရေးရှင်းတိုင်းမှာ စတော့ အတန်းအစားတစ်ခုသည် အခြေခံ ပိုင်ဆိုင်မှု အကျိုးစီးပွားကို ကိုယ်စားပြု ရပါမယ်။ အဲဒီ အတန်းအစားကို သာမန်အစုရှယ်ယာ Common Stock လို့ ခေါ်ပါတယ်။ Common Stock သည် ဆုံးရှုံးမှုရဲ့ အဆုံးစွန်သော ဆိုးကျိုး အန္တရာယ်ကို တာဝန်ယူကျခံပြီး အောင်မြင်မှုရဲ့ အကျိုးကျေးဇူးကို ရရှိလက်ခံတဲ့ လက်ကျန် ကော်ပိုရိတ် အကျိုးစီးပွားဘဲ ဖြစ်ပါတယ်။ ၄င်းသည် လုပ်ငန်းကို ဖျက်သိမ်းတဲ့ အခါမှာ အမြတ်ဝေစု ကိုသော်လည်းကောင်း၊  ရပိုင်ခွင့်ကိုသော်လည်းကောင်း၊ အာမ-မခံပါ။ သို့သော်လည်း common stock ကို ကိုင်ဆောင်ထားသူ များကတော့   ယေဘုယျအားဖြင့်   ကော်ပိုရေးရှင်းရဲ့ စီမံခန့်ခွဲမှုကို ထိန်းချုပ်ပြီး ကုမ္ပဏီက အောင်မြင်မှုရပြီ ဆိုလျှင် အမြတ်ကို အများဆုံး ရရှိပါတယ်။ ကော်ပိုရေးရှင်း စတည်ထောင်စဉ်က ဥပဒေအရ အခွင့်ပြုသည့် စတော့ အရင်းအနှီး ထုတ်ဝေမှု အတန်းအစား တစ်ခုတည်းသာ ရှိတယ်ဆိုလျှင် အဲဒီ ထုတ်ဝေမှုသည် ကော်ပိုရိတ် စည်းမျဉ်းတွင် ဖော်ပြသည်ဖြစ်စေ၊ မဖော်ပြသည် ဖြစ်စေ သာမန်အစု ရှယ်ယာ Common Stock ပင် ဖြစ်ပါသည်။

ရင်းနှီးမြှုပ်နှံသူများ တိုးပွားလာပြီး ယင်းတို့၏ တောင်းဆိုမှုအရ ကော်ပိုရေးရှင်းများသည် ၂ ခု သို့မဟုတ် ၂ ခု ထက်ပိုသော စတော့ အတန်းအစား  များကို ပြုလုပ်ကြပါတယ်။ အပေါ်မှာ ရှယ်ယာ တစ်ခုစီမှာ ရှိတဲ့ အကျိုးကျေးဇူး ၄ မျိုးကို ဖော်ပြခဲ့ပါတယ်။ သို့သော်လည်း ကော်ပိုရေးရှင်းနဲ့ အစုရှယ်ယာရှင်များကြားမှာ အထူး စတော့ စာချုပ်များ ပြုလုပ်ခြင်းဖြင့် အစုရှယ်ယာရှင်များဟာ အခြားသော အထူး အခွင့်အရေး များကို ရရှိကြတဲ့အတွက် အထက်ပါ အကျိုးကျေးဇူး ၄ မျိုးကိုတော့ ခံစားခွင့် မရှိတော့ပါဘူး။ ဒါကြောင့် အထူး စတော့ရှယ်ယာ preferred stock လို့ခေါ်တဲ့ စတော့ အထူးအတန်းအစားကို ဖန်တီးကြပါတယ်။ preferred stock ကို ပိုင်ဆိုင်သူများက အခွင့်ထူးများကို ရရှိကြတဲ့အတွက် common stock ပိုင်ဆိုင်သူများ ရရှိတဲ့ အကျိုးကျေးဇူးများကိုတော့ လက်လွှတ်ရပါတယ်။

preferred stock ကို ပိုင်ဆိုင်သူများ ရရှိတဲ့ အခွင့်ထူးကတော့ အကျိုးအမြတ်ကို အရင်ဦးစားပေး ရရှိခြင်းဘဲ ဖြစ်ပါတယ်။ ဒါကြောင့် အမြတ်ဝေစုကို ကြေငြာပြီး ခွဲဝေပြီဆိုရင် common stock ပိုင်ဆိုင်သူတွေကို မပေးခင် သူတို့ကို အရင်ပေးရပါတယ်။ ဒီအခွင့်ထူးကို ရထားလို့ preferred stock ပိုင်ဆိုင်သူများဟာ စီမံခန့်ခွဲမှုမှာ ဒါရိုက်တာ ရွေးချယ်တဲ့အခါ ဝင်ရောက်မဲပေးနိုင်တဲ့ အခွင့်အရေး၊ ရှယ်ယာတွေကို အမြတ်ရရန် ပြန်ရောင်းချတဲ့ အခွင့်အရေးတွေကို စွန့်လွှတ်ကြရပါတယ်။ သာမန် စတော့ common stock ရဲ့ ဈေးနှုန်း၊ တနည်း ရှယ်ယာ လက်မှတ် ပေါ်မှာ ဖော်ပြထားတဲ့ stated rate က အင်မတန်ကိုဘဲ နည်းပါတယ်။ ဥပမာအားဖြင့် $0.25 လိုမျိုးပေါ့။ ဒါကြောင့် ကုမ္ပဏီ အခြေအနေကောင်း ရင်ကောင်းသလို အမြတ်တွေတင်ပြီး ရောင်းနိုင်တယ်။ preferred stock မှာတော့ ကုမ္ပဏီက ထုတ်ရောင်းကတည်းက ရှယ်ယာတစ်ခုကို ဥပမာအားဖြင့် $50 ဖြစ်နေတော့ ဈေးကွက်မှာ preferred stock ကို မရောင်းကြပါဘူး။ အမြတ်ဝေစု ကြေငြာပြီ ဆိုရင် အရင်ဆုံးရမယ်။ ကုမ္ပဏီ ဖျက်သိမ်းရင်လဲ preferred stock ပိုင်ဆိုင်သူတွေကို အရင်ဆုံး ပေးရတယ်။ ဒါပါဘဲ။

ဖတ်ရှုအကျိုးများပါစေ။

Kieso, Weygandt, နှင့် Warfield တို့ရေးသားသော Intermediate Accounting  14th edition ကို မှီငြမ်း ဘာသာပြန်ဆိုပါသည်။ 


ဖြူ ဖြူ

No comments:

Post a Comment