ရင်တွင်းစကား

မိမိ သိသမျှသော Economics နှင့် ပတ်သက်သည့် သင်ခန်းစာ ဆောင်းပါးများ၊ Accounting, Finance နှင့်ပတ်သက်သည့် သင်ခန်းစာ ဆောင်းပါးများကို စေတနာသန့်သန့်ဖြင့် ဝေမျှထားပါသည်။ စာရေးသူသည် သိပ်တော်၊ သိပ်တတ်နေတဲ့ ပညာရှင် တစ်ယောက် လုံးဝ မဟုတ်ပါ။ ဒါကြောင့် အမှားများပါလျှင် ခွင့်လွှတ်ကြပါလို့ ….

ဖြူ ဖြူ

Sunday, September 2, 2012

ကုန်စည်နဲ့ ဆောင်ရွက်မှုများရဲ့ ဝယ်လိုအားကို ဘာတွေက ဆုံးဖြတ်ပေးသလဲ ..


အခု ကုန်ထုတ်လုပ်မှုကနေ ရလာတဲ့ ကုန်ထွက်တွေကို ဘယ်လို အသုံးပြုကြမလဲ၊ အဲဒီ ထွက်ကုန်တွေရဲ့ ဝယ်လိုအားကို ဘာတွေက ဆုံးဖြတ်သလဲ ဆိုတာ စစ်ဆေး ကြည့်ကြမယ်..။ ကုန်စည်နဲ့ ဆောင်ရွက်မှု စုစုပေါင်းဖြစ်တဲ့ တိုင်းပြည်ရဲ စုစုပေါင်း ကုန်ထွက် GDP မှာ အစိတ်အပိုင်း ၄ ခု ပါဝင်ပါတယ်..။ 
  • စားသုံးမှု Consumption (C)
  • ရင်းနှီး မြှုပ်နှံမှု Investment (I)
  • အစိုးရ ဝယ်ယူမှုများ Government purchases (G) နဲ့
  • အသားတင် ပို့ကုန် Net exports (NX) တို့ဘဲ ဖြစ်ပါတယ်။



 အခု လွယ်ကူ ရှင်းလင်းစေရန် တိုင်းပြည်ကို တံခါးပိတ် စီးပွားရေးစံနစ် ကျင့်သုံးတယ်လို့ ယူဆရင် အခြား တိုင်းပြည်များနဲ့ ကုန်သွယ်မှု မရှိတဲ့အတွက် အသားတင် ပို့ကုန် Net exports က သုည ဖြစ်ပါမယ်။  အဲဒီတော့ တံခါးပိတ်စံနစ်မှာ ထုတ်လုပ်လိုက်တဲ့ ကုန်စည်နဲ့ ဆောင်ရွက်မှု တွေ အတွက် အစိတ်အပိုင်း ၃ ခုကိုဘဲ အသုံးပြုပါမယ်။ တနည်းအားဖြင့် တိုင်းပြည် အမျိုးသား ဝင်ငွေ National Income လို့လဲ ခေါ်တဲ့ တိုင်းပြည် စုစုပေါင်း ကုန်ထွက် GDP မှာ ပါဝင်တဲ့ အစိတ်အပိုင်း ၃ ခုကို အောက်ပါအတိုင်း national income accounts identity ပုံစံနဲ့ ဖော်ပြနိုင်ပါတယ်။

Y= C + I + G

အိမ်ထောင်စုတွေက စီးပွားရေး အဆောက်အအုံရဲ့ ကုန်ထွက်တချို့တဝက်ကို စားသုံးတယ်။ လုပ်ငန်းတွေနဲ့ အိမ်ထောင်စု တွေက ရင်းနှီး မြှုပ်နှံမှုအတွက် ကုန်ထွက် တချို့ကို အသုံးပြုတယ်။ အစိုးရက ပြည်သူပိုင် ကုန်စည် ထောက်ပံ့ဖို့ ရည်ရွယ်ချက်နဲ့ တချို့ သော ကုန်ထွက်တွေကို ဝယ်ယူကြတယ်။ ဒီတော့ GDP ကို ဒီ အသုံးပြုမှု ၃ ခု အတွက် ဘယ်လို ခွဲဝေ သုံးစွဲသလဲ ကို သိချင်တယ်..။

စားသုံးမှု Consumption (C)


ကျွန်မတို့တတွေ အစားတွေ စားတဲ့ အခါ၊ အဝတ်တွေ ဝတ်တဲ့အခါ၊ ဒါမှမဟုတ် ရုပ်ရှင် သွားကြည့်တဲ့ အခါ စီးပွားရေး အဆောက်အအုံရဲကုန်ထွက် တချိုကို စားသုံးနေတာဘဲ ဖြစ်ပါတယ်။ စားသုံးမှု ပုံစံ မျိုးစုံကို ပေါင်းလိုက်ရင် GDP ရဲ သုံးပုံ နှစ်ပုံလောက်  ရှိပါတယ်။ စားသုံးမှု ပမာဏဟာ သိပ်ကြီးမားတဲ့ အတွက် မက်ခရိုစီးပွားရေး ပညာရှင်များသည် အိမ်ထောင်စုတွေဟာ ဘယ်လောက်ပမာဏ စားသုံးမယ်လို့ ဆုံးဖြတ်သလဲ ဆိုတာကို လေ့လာရန် အထူးတလည် အားစိုက်ထုတ်ကြရပါတယ်။ အခု   လောလောဆယ် ကတော့ စားသုံးသူတွေရဲ အပြုအမူကို ရိုးရိုးလေးဘဲ စဉ်းစားကြရအောင်..။

အိမ်ထောင်စုတွေဟာ သူတိုရဲလုပ်အားကို သုံးပြီး ဝင်ငွေရတယ်.. နောက်တစ်ခါ သူတို့ ပိုင်ဆိုင်တဲ့ အရင်းအနှီး ကတဆင့် ဝင်ငွေရတယ်.. အစိုးရကို အခွန်အတုပ် ဆောင်ရတယ်။ အခွန်ဆောင်ပြီး ကျန်ငွေ ကနေ ဘယ်လောက်ကို စားမလဲ.. ဘယ်လောက်ကို စုဆောင်းမလဲ ဆုံးဖြတ်ကြရတယ်။ အိမ်ထောင်စု   တွေရဲ့  ဝင်ငွေကို တိုင်းပြည် ကုန်ထွက် နဲ့ တူညီတယ်လို့ ယူဆထားကြတယ်။ အစိုးရက အိမ်ထောင်စုတွေ အပေါ် ကောက်ခံတဲ့ အခွန် ပမာဏကို T လို့ ထားလိုက်မယ်။ ဒါဆိုရင် အခွန်ပေးဆောင်ပြီးနောက် ကျန်တဲ့ ဝင်ငွေကို  (Y-T) အသားတင်ဝင်ငွေ disposable income လို့ သတ်မှတ်ပါမယ်။ အိမ်ထောင်စု တွေဟာ သူတို့ရဲ  အသားတင် ဝင်ငွေကို စားသုံးမှုနဲ့ စုဆောင်းမှု ကြားမှာ ခွဲရပါတယ်။ 

အခု ကျွန်မတို့က စားသုံးမှု အဆင့်သည် အသားတင် ဝင်ငွေ အဆင့်ပေါ်မှာ တိုက်ရိုက် မှီခိုနေတယ်လို့ ယူဆပါမယ်။ အသားတင် ဝင်ငွေ အဆင့် မြင့်မားရင် စားသုံးမှုလဲ မြင့်မယ်ပေါ့။ ဒီဆက်စပ်မှုကို function ပုံစံနဲ့ ပြပါမယ်..။

C = C (Y-T)

ဒီညီမျှခြင်းသည် စားသုံးမှု C သည် အသားတင် ဝင်ငွေ Y-T ရဲfunction ဖြစ်တယ်လို့ ဖော်ပြတာပါ။ ဒီလို စားသုံးမှုနဲ့ အသားတင် ဝင်ငွေကြားက ဆက်နွယ်မှုကို  consumption function လို့ ခေါ်ပါတယ်။

စားသုံးမှု ပြုလုပ်ဖို့ နောက်ထပ် အလားအလာ Marginal Propensity to consume (MPC) ဆိုတာကတော့ အသားတင် ဝင်ငွေ ၁ ယူနစ် တိုးလာတဲ့အခါ စားသုံးမှု ပမာဏ ဘယ်လောက် ပြောင်းလဲ သလဲကို ပြတာပါ။ MPC ရဲ တန်ဘိုးဟာ ၀ နဲ့ ၁ ကြားမှာ ရှိပါတယ်။ ဆိုလိုတာက ဝင်ငွေ နောက်ထပ် ၁ ယူနစ် တိုးရင် စားသုံးမှု လဲ တိုးမယ်။ ဒါပေမဲ့ ၁ ယူနစ် တန်ဘိုးထက်တော့ လျော့မယ်။ ဘာလို့လဲ ဆိုတော့ အိမ်ထောင်စုတွေက ဝင်ငွေ နောက်ထပ် ၁ ယူနစ် တိုးလာရင် တချို့ တဝက်ကို စုဆောင်းကြလို့ပါဘဲ။ ဥပမာအားဖြင့် MPC ဟာ 0.7 ဆိုရင် အသားတင် ဝင်ငွေ ၁ ကျပ်တိုးရင် အိမ်ထောင်စုတွေသည် ပြား ၇၀ကို စားသုံးတယ်။ ပြား ၃၀ ကို စုတယ်ပေါ့။

အောက်ကပုံဟာ consumption function ကို ပြထားတာပါ။ consumption function ရဲ လျောစောက် slope သည် အသားတင် ဝင်ငွေ ၁ ယူနစ်တိုးတဲ့အခါ စားသုံးမှု ဘယ်လောက်တိုးလာသလဲကို ပြပါတယ်။ တနည်းပြော ရရင် consumption function ရဲ slope သည် MPC ဘဲ ဖြစ်ပါတယ်။

 ရင်းနှီးမြှုပ်နှံမှု Investment (I)


အိမ်ထောင်စုတွေရော၊ လုပ်ငန်းတွေရော ၂ ခုစလုံးက ရင်းနှီး မြှုပ်နှံမှု ကုန်စည်တွေကို ဝယ်ယူကြပါတယ်..။ လုပ်ငန်းတွေက သူတို့ရဲ့  အရင်းအနှီးကို ထပ်တိုးအောင် ရင်းနှီးမြှုပ်နှံမှု ကုန်စည်တွေကို ဝယ်ပြီး နဂိုက ရှိပြီး သား အရင်းအနှီးတွေ ကုန်သွားတဲ့ အခါ အစားထိုးတယ်။ အိမ်ထောင်စု တွေကလဲ ရင်းနှီး မြှုပ်နှံမှု အစိတ်အပိုင်း အဖြစ်နဲ့ အိမ်သစ်တွေ ဝယ်ကြတယ်။ ရင်းနှီး မြှုပ်နှံမှုဟာ GDP ရဲ ၁၅% လောက်ရှိပါတယ်။ ရင်းနှီး မြှုပ်နှံမှု ကုန်စည်ကို ဝယ်ယူတဲ့ အရေအတွက်ဟာ အတိုးနှုန်းပေါ် မူတည် နေပါတယ်။ အတိုးနှုန်းဟာ ရင်းနှီးမှု ပြုလုပ်ဖို့အတွက် အသုံးပြုရတဲ့ ငွေပမာဏရဲ စရိတ်ကို တိုင်းတာပါတယ်။ ရင်းနှီးမြှုပ်နှံမှု စီမံကိန်း တစ်ခုဟာ အမြတ်အစွန်း ရဖို့ရန် သူ့ရဲ ထုတ်လုပ်မှုက ပြန်ရငွေ return သည် ရင်းနှီးဖို့ ချေးဌားယူ လိုက်တဲ့   ငွေအတွက် ပေးရတဲ့ စရိတ် cost ထက် ကျော်လွန်ရပါမယ်။ တကယ်လို့ အတိုးနှုန်းက တက်သွားရင် ရင်းနှီး   မြှုပ်နှံမှု စီမံကိန်းဟာ နဲနဲဘဲ မြတ်မယ်။ ရင်းနှီး မြှုပ်နှံမှု ကုန်စည် ဝယ်လိုအား အရေအတွက် ကျဆင်းမယ်။ 

ဥပမာအားဖြင့် လုပ်ငန်းတစ်ခုဟာ တစ်နှစ်ကို ပြန်ရငွေ ကျပ် ၁၀၀,၀၀၀ ရှိတဲ့ သို့မဟုတ် ၁၀% ရှိတဲ့ ကျပ် ၁,၀၀၀,၀၀၀ တန် စက်ရုံတစ်ခုကို ဆောက်သင့်၊ မဆောက်သင့် စဉ်းစားနေတယ် ဆိုပါတော့။ လုပ်ငန်း အနေနဲ့ ကျပ် ၁,၀၀၀,၀၀၀ ကို ငွေချေးဌားရင် ပေးရမဲ့စရိတ်နဲ့ သူပြန်ရမှာနဲ့ကို နှိုင်းယှဉ် ကြည့်တယ်။ အတိုးနှုန်းက ၁၀% အထက်မှာ ရှိရင် ဒီ ရင်းနှီး မြှုပ်နှံမှု အခွင့်အရေးကို လက်လွှတ်လိုက်မှာ ဖြစ်တယ်။ 

လုပ်ငန်းက အဲဒီ ပိုက်ဆံ ကျပ် ၁,၀၀၀,၀၀၀ ကို မချေးဘဲနဲ့ သူ့ရဲ  ကိုယ်ပိုင် ပိုက်ဆံငွေနဲ့ သုံးမယ် ဆိုရင်   တောင် အလားတူ ရင်းနှီး မြှုပ်နှံမှု ဆုံးဖြတ်ချက်ကို ပြုလုပ်ရတယ်။ လုပ်ငန်းက သူ့ရဲကိုယ်ပိုင်ငွေတွေကို ဘဏ်မှာရင်လဲ အပ်ထားနိုင်တယ်။   ငွေကြေးဈေးကွက်မှာလဲ မြှုပ်နှံထား နိုင်တယ်။ အဲဒီအပေါ်မှာ အတိုးရတာပေါ့။ ဘဏ်မှာ ငွေအပ်လို့ ရတဲ့ အတိုးနှုန်းက ၁၀% ထက် နိမ့်နေရင် စက်ရုံကို ဆောက်တာ အမြတ် ရမှာပေါ့။

အိမ်သစ်တစ်လုံးကို ဝယ်ချင်တဲ့သူ အနေနဲ့လဲ အလားတူ ဆုံးဖြတ်ချက် ချရပါတယ်။ အတိုးနှုန်း ကြီးလေလေ၊ အိမ်ဝယ်ဖို့ ငွေချေးစာချုပ်ရဲ စရိတ်က ကြီးလေလေ ဖြစ်ပါတယ်။ အတိုးနှုန်းက ၈%  ဖြစ်ရင် ကျပ် ၁၀၀,၀၀၀ တန် အိမ်ငွေချေးစာချုပ် mortgage ရဲ စရိတ်က တစ်နှစ်ကို ကျပ် ၈,၀၀၀ ကျပါတယ်။ အတိုးနှုန်းက ၁၀% ဖြစ်ရင် တစ်နှစ်ကို ကျပ် ၁၀,၀၀၀ ဖြစ်ပါတယ်။ အတိုးနှုန်း မြင့်လာတာနဲ့ အမျှ အိမ်ကို ပိုင်ဆိုင်ဖို့ စရိတ် ကလဲ တက်လာပါတယ်။ အိမ်သစ်တွေရဲ ဝယ်လိုအားကလဲ ကျလာတယ်။

စီးပွားရေး အဆောက်အအုံမှာ အတိုးနှုန်းရဲ အခန်းကဏ္ဍကို လေ့လာတဲ့ အခါမှာ အမည်ခံ အတိုးနှုန်း nominal interest rate နဲ့ အမှန်အတိုးနှုန်း real interest rate ကို ခွဲခြားရပါမယ်။ nominal interest rate ဆိုတာ ကတော့ ထုံးစံအတိုင်း ရင်းနှီး မြှုပ်နှံသူတွေက ငွေချေးတဲ့အခါ ပေးရတဲ့ အတိုးနှုန်းပါ။ real interest rate ဆိုတာ ကတော့ ငွေဖောင်းပွမှုရဲအကျိုးသက်ရောက်မှုကို ထည့်တွက်ပြီး အမည်ခံ အတိုးနှုန်းကို ပြင်ဆင်ထား တာပါ။ တကယ်လို့ nominal interest rate က ၈% ဖြစ်ပြီး ငွေဖောင်းပွနှုန်းက ၃% ဖြစ်ရင် real interest rate က ၅% ဖြစ်ပါတယ်။ real interest rate သည် ငွေချေးဌားတဲ့ အမှန်စရိတ်ကို တိုင်းတာပြီး ရင်းနှီး မြှုပ်နှံမှု အရေအတွက် ကိုလဲ ဆုံးဖြတ်ပေးပါတယ်။

ရင်းနှီး မြှုပ်နှံမှု I နဲ့ အမှန် အတိုးနှုန်း r ရဲဆက်သွယ်မှုကို ပြတဲ့ ညီမျှခြင်း ကတော့ အောက်ပါ အတိုင်း   ဖော်ပြ နိုင်ပါတယ်။

I = I(r)

အောက်ဖော်ပြပါပုံကတော့ ရင်းနှီးမြှုပ်နှံမှု ဖန်ရှင် investment function ကို ပြပါတယ်။ လျှောစောက် slope က downward ဖြစ်ပါတယ်။ ဘာလို့လဲ ဆိုတော့ အတိုးနှုန်း တက်လာတာနဲ့အမျှ ရင်းနှီး မြှုပ်နှံမှုကို ဝယ်ယူလိုတဲ့ အရေအတွက်က ကျလာလို့ ဖြစ်ပါတယ်။ 

အစိုးရ ဝယ်ယူမှုများ Government Purchases (G)


အစိုးရ အသုံးစရိတ်ဟာ ကုန်စည်နဲ့ ဆောင်ရွက်မှု တွေအတွက် ဝယ်လိုအားရဲတတိယ အစိတ်အပိုင်း ဖြစ်ပါ တယ်။ အစိုးရက လက်နက်တွေ၊ ဒုံးကျည်တွေ၊ အစိုးရဝန်ထမ်း တွေရဲ့ ဝန်ဆောင်မှု တွေကို ဝယ်ယူတယ်။ စာကြည့်တိုက် စာအုပ်တွေ ဝယ်တယ်။ ကျောင်းတွေ ဆောက်တယ်။ ဆရာတွေ ဌားရမ်းတယ်။  အစိုးရ အလွှာအသီးသီး တွေက လမ်းတွေ ဖောက်တယ်။ အခြားသော ပြည်သူပိုင် လုပ်ငန်းတွေ လုပ်ကြတယ်။ ဒီ  လုပ်ဆောင်ချက်တွေ အားလုံးဟာ ကုန်စည်နဲ့ ဆောင်ရွက်မှု တွေရဲ အစိုးရ ဝယ်ယူမှုများကို ဖြစ်စေပါတယ်။ အစိုးရ ဝယ်ယူမှုများဟာ GDP ရဲ ၂၀% ခန့် ရှိပါတယ်။

ဒီ ဝယ်ယူမှုများဟာ အစိုးရရဲ အသုံးစရိတ် အမျိုးအစား တစ်ခု ဖြစ်ပါတယ်။ အခြား အသုံးစရိတ် အမျိုးအစား တစ်ခုကတော့ မရှိဆင်းရဲသား တွေနဲ့ သက်ကြီးအိုမ တွေအတွက် သက်သာ ချောင်ချိရေး နဲ့ လူမှုဖူလုံရေး ကဲ့သို့သော "အိမ်ထောင်စုများသို့ လွဲအပ်ပေးငွေများ transfer payments" ဘဲ ဖြစ်ပါတယ်။ transfer payments   တွေဟာ government purchases တွေနဲ့ မတူပါဘူး။ သူက စီးပွားရေး အဆောက်အအုံရဲ ကုန်စည်နဲ့   ဆောင်ရွက်မှု တွေရဖို့အတွက် လဲလှယ်ယူရတာ မရှိပါဘူး။ ဒါကြောင့် transfer payments တွေဟာ ကိန်းရှင် G ထဲမှာ မပါဝင်ပါဘူး။ transfer payments တွေဟာ ကုန်စည်နဲ့ ဆောင်ရွက်မှု အတွက် ဝယ်လိုအားကို သွယ်ဝိုက်ပြီးတော့ဘဲ အကျိုးသက်ရောက်ပါတယ်။ သူတို့ဟာ အခွန်အတုပ် taxes တွေရဲ ဆန့်ကျင်ဘက် ဖြစ် ပါတယ်။ transfer payments တွေဟာ အိမ်ထောင်စုတွေရဲ အသားတင် ဝင်ငွေကို တိုးစေတယ်။ taxes တွေက အသားတင် ဝင်ငွေကို ကျဆင်းစေတယ်။ ဒါကြောင့် အခွန်တွေကို တိုးကောက်ခံပြီး transfer payments တွေကို ပိုပေးတာဟာ အသားတင် ဝင်ငွေကို မပြောင်းလဲ စေပါဘူး။ ဒါကြောင့်  အခွန် ပမာဏ ထဲကနေ transfer payments ကို နုတ်လိုက်တာကို T လို့ ထားလိုက်မယ်။ ဒီတော့ အသားတင် ဝင်ငွေ Y-T ထဲမှာ tax ရဲအနုတ် လက္ခဏာ အကျိုးဆက်ရော၊ transfer payments ရဲအပေါင်း လက္ခဏာ အကျိုးဆက်   ရော ပါဝင်ပါတယ်။

တကယ်လို့  government purchases G ကို taxes ထဲကနေ transfers တွေ နုတ်လိုက်တာ အဖြစ် ညီမျှလိုက်မယ် ဆိုရင် G = T ဖြစ်သွားပါတယ်။ G က သုံးတာ၊ T က ရတာပေါ့။ T ထဲမှာ transfer payments ကို နုတ်ပြီးသားနော်။ သူတို့ ၂ ခု ညီရင် အစိုးရမှာ balanced budget ဖြစ်သွားတာပေါ့။ အစိုးရ အသုံးစရိတ်နဲ့ အခွန်ရငွေ တူညီတယ်လို့ ဆိုလိုတာပါ။ တကယ်လို့ G က T ထက် ကြီးရင် အစိုးရက ဘတ်ဂျက် လိုငွေ budget deficit  ဖြစ်နေပါတယ်။ ဘတ်ဂျက် လိုငွေကို အစိုးရ ကြွေးမြီ ထုတ်ဝေခြင်းဖြင့် တနည်း အားဖြင့် ငွေကြေး   ဈေးကွက်မှာ ချေးဌားခြင်းဖြင့် ဖြည့်ဆည်းရပါတယ်။ တကယ်လို့ G က T ထက် နည်းနေ ရင် အစိုးရက ဘတ်ဂျက် ပိုငွေ budget surplus ဖြစ်နေပါတယ်။ ဒီပိုငွေတွေကို စာရင်းတင်နေတဲ့   ကြွေးကျန်များကို ပြန်ပေးဖို့ သုံးနိုင်ပါတယ်။

အခု ဒီနေရာမှာ အစိုးရရဲ ဝယ်ယူမှု တနည်း အသုံးစရိတ် G နဲ့ အခွန်ငွေများ T ကို ပြင်ပကိန်းရှင်များ exogenous variables အဖြစ် ယူဆထားပါတယ်။ အခု စဉ်းစားနေတဲ့ အမျိုးသားဝင်ငွေ national income ရဲ ပြင်ပက ကိန်းသေ အဖြစ် ယူဆပါတယ်။ ဒီလိုပုံစံနဲ့ သင်္ကေတ ပြု ဖော်ပြပါမယ်။

 အမျိုးသားဝင်ငွေ national income identity ရဲ့ ကိန်းရှင်များ ဖြစ်တဲ့ consumption, investment နဲ့ interest rate တို့ကိုတော့ စံနစ်အတွင်းက ကိန်းရှင်များ endogenous variables အဖြစ် ယူဆထားပါတယ်။

အခု စီးပွားရေး အဆောက်အအုံ တစ်ခုက ထုတ်လုပ်တဲ့ ကုန်စည်နဲ့ ဆောင်ရွက်မှုများရဲ ဝယ်လိုအားကို ဆုံးဖြတ်ပေးတဲ့ အစိတ်အပိုင်းများအနက် လွယ်ကူစေရန် အသားတင်ပို့ကုန်အပိုင်းကို ဖယ်ထုတ်ပြီး ကျန် အစိတ်အပိုင်းများ ကို တင်ပြထားတာဘဲ ဖြစ်ပါတယ်။

N. Gregory Mankiw ရေးသားသော "Macroeconomics" 6th edition မှ ဆီလျော်အောင် ထုတ်နုတ် ဘာသာ ပြန်ဆိုပါသည်။

ဖြူဖြူ

2 comments:

  1. စိတ်ဝင်စားစရာကောင်းတယ် ဖတ်သွားတယ် မရေ....စုသိပ်ညံ့တဲ့ ဘာသာရပ် :D

    ReplyDelete
    Replies
    1. အားပေးတာကျေးဇူးတင်ပါတယ် စုရေ.. အစ်မလဲ မအားလို့ နောက်ထပ် ဆောင်းပါး အသစ် မတင်နိုင်ဖြစ်နေတယ်..။

      Delete