ရင်တွင်းစကား

မိမိ သိသမျှသော Economics နှင့် ပတ်သက်သည့် သင်ခန်းစာ ဆောင်းပါးများ၊ Accounting, Finance နှင့်ပတ်သက်သည့် သင်ခန်းစာ ဆောင်းပါးများကို စေတနာသန့်သန့်ဖြင့် ဝေမျှထားပါသည်။ စာရေးသူသည် သိပ်တော်၊ သိပ်တတ်နေတဲ့ ပညာရှင် တစ်ယောက် လုံးဝ မဟုတ်ပါ။ ဒါကြောင့် အမှားများပါလျှင် ခွင့်လွှတ်ကြပါလို့ ….

ဖြူ ဖြူ

Saturday, August 11, 2012

စာရင်းရှင်အပ်ငွေ၏ အစိတ်အပိုင်းသီးသန့်ငွေသား


ကမ္ဘာပေါ်ကတိုင်းပြည်အများစုက ဘဏ်တွေမှာ fractional reserve banking system ရှိကြပါတယ်.. အဲဒါက ဘာလဲဆိုရင် စာရင်းရှင်အပ်ငွေ checkable deposits တွေရဲ့ အစိတ်အပိုင်း fraction ကို မိမိဘဏ်ရဲ့ငွေတိုက်မှာ   ငွေသားအဖြစ် နဲ့ဖြစ်စေ၊ ဗဟိုဘဏ်မှာ အပ်နှံငွေ အဖြစ်နဲ့ဖြစ်စေ သီးသန့် ဖယ်ထားရတာ   ဖြစ်ပါတယ်....။ 







အဲဒီ fractional reserve system ရဲ့ နောက်ခံ သမိုင်းကြောင်းက ဒီလိုပါ။ ဟိုတုံးက ကုန်သည်တွေက အရောင်းအဝယ် လုပ်တဲ့အခါ ရွှေကို သုံးခဲ့ကြတယ်။ ဒါပေမဲ့ ဒီလိုလုပ်တာဟာ လုံလဲ  မလုံခြုံဘူး။ သယ်ရတာလဲ အဆင်မပြေဘူး။ ပြီးတော့လဲ အရောင်းအဝယ်လုပ်တိုင်း ရွှေစစ်၊ မစစ် ဆုံးဖြတ်ရသေးတယ်။ အဲဒီတော့ ၁၆ ရာစုလောက်မှာ သူတို့က သူတို့ရဲ့ရွှေတွေကို   ရွှေပန်းထိမ်သည်တွေဆီမှာ အပ်ကြတယ်။ ရွှေပန်းထိမ်သည်တွေက ငွေတိုက်ထဲမှာ သိမ်းထားပေးတယ်။   ရွှေတွေလာအပ်ရင်   ရွှေပန်းထိမ်သည်တွေက လာအပ်တဲ့သူကို လက်ခံဖြတ်ပိုင်းလေး ထုတ်ပေးတယ်။ မကြာခင်မှာဘဲ လူတွေက   ရွှေပန်းထိမ်သည်   တွေဆီကရတဲ့ ဖြတ်ပိုင်းလေးတွေနဲ့ ကုန်အရောင်းအဝယ်အတွက် ငွေပေးချေမှုတွေ လုပ်ကြတော့တယ်။ အဲဒါက ပထမဆုံး စက္ကူပိုက်ဆံ အမျိုးအစားဘဲ။
            ဒီနေရာမှာ ရွှေပန်းထိမ်သည်တွေ (တနည်းပြောရရင် ရှေးခေတ်က ဘဏ်လုပ်ငန်း လုပ်ကိုင်သူတွေ) ဟာ ၁၀၀% reserve system ကို သုံးခဲ့တာ ဖြစ်တယ်။ သူတို့ရဲ့ငွေတိုက်ထဲမှာ ရှိတဲ့ reserve လို သဘောထားတဲ့ ရွှေတွေရဲ့ တန်ဘိုးနဲ့ အညီ ပိုက်ဆံလိုသဘောမျိုး စက္ကူဖြတ်ပိုင်းလေးတွေ ထုတ်ပေးတယ်။ ဒါပေမဲ့ လူတွေကလဲ အဲဒီရွှေပန်းထိမ်သည်တွေရဲ့ ဖြတ်ပိုင်းတွေကို စက္ကူ ပိုက်ဆံအဖြစ် လက်ခံလာကြတာကြောင့် ရွှေပန်းထိမ်သည် တွေဟာ တဖြည်းဖြည်းနဲ့ ဘယ်လို နားလည် သဘောပေါက် လာကြသလဲ ဆိုရင် ရွှေတွေကိုအပ်ထားတဲ့ ပိုင်ရှင်တွေဟာ အဲဒီရွှေတွေကို တော်တော်နဲ့ လာမထုတ်ဘူးဆိုတာပါဘဲ။   နောက်ထပ် ဘာသွားတွေ့လဲဆိုတော့ တစ်ပတ် သို့မဟုတ် တစ်လမှာ သူတို့ဆီမှာအပ်ထားတဲ့ ရွှေပမာဏက လာထုတ်တဲ့ ရွှေပမာဏထက် ပိုများတယ်ဆိုတာကို ပါဘဲ။
ဒီတော့ ခပ်လည်လည်ခပ်နပ်နပ် ရွှေပန်းထိမ်သည်အချို့က သူတို့သိမ်းပေးထားတဲ့ ရွှေပမာဏထက်များတဲ့ စက္ကူဖြတ်ပိုင်း တွေထုတ်ပေးရင် ရတယ်ဆိုတဲ့ အချက်ကို သွားတွေ့တယ်။ ရွှေပန်းထိမ်သည်တွေက ရွှေနဲ့လဲယူလို့ရတဲ့ အဲဒီ ဖြတ်ပိုင်းလေးတွေကို ကုန်သည်တွေ၊ ထုတ်လုပ်သူတွေ၊ စားသုံးသူတွေကို အတိုးရတဲ့ ချေးငွေအဖြစ် ထုတ်ချေးတယ်။ ဥပမာအားဖြင့် ငွေချေးယူသူ borrower က ကျပ် ၁၀,၀၀၀ တန်တဲ့ ဖြတ်ပိုင်းကို ချေးလိုက်ရင် တစ်နှစ်ပြည့်တဲ့အခါ ကျပ် ၁၀,၅၀၀ ပြန်ပေးရတယ်။ အတိုးနှုန်း က ၅% ပေါ့။ ငွေချေးယူသူတွေကလဲ အဲဒီ ဖြတ်ပိုင်းပုံစံ ချေးငွေကို လိုချင်ကြတယ်။ ဘာလို့လဲဆိုတော့ အဲဒီ ဖြတ်ပိုင်းလေးတွေက ဈေးကွက်ထဲမှာ medium of exchange အဖြစ်နဲ့ လက်ခံကြတဲ့ အတွက်   ကြောင့်ပါဘဲ။
ဒါဟာ ဘဏ်လုပ်ငန်းက fractional reserve system ရဲ့အစပါဘဲ။ ဘဏ်တွေရဲ့ ငွေတိုက်ထဲမှာရှိတဲ့ သီးသန့်ငွေသား ဟာ စုစုပေါင်း ငွေကြေးပမာဏရဲ့ အစိတ်အပိုင်းလေးတစ်ခုပေါ့။ ဥပမာ- အကယ်၍ ရွှေပန်းထိမ်သည်က သူသိမ်းထားတဲ့ တကယ့် ရွှေ ရဲ့ ကျပ် ၁ သန်းဖိုးကို ဖြတ်ပိုင်းထုတ်ပေးတယ်.. နောက်တစ်ခါ ချေးငွေအဖြစ်နဲ့က ကျပ် ၁ သန်း ဖိုးကို ဖြတ်ပိုင်းထုတ်ပေးတယ်။ အဲဒီအခါမှာ စုစုပေါင်းလည်ပတ်နေတဲ့ စက္ကူပိုက်ဆံက ကျပ် ၂ သန်းဖိုး ဖြစ်တယ်။ သိမ်းထား တဲ့ ရွှေတန်ဘိုးရဲ့ ၂ ဆပေါ့။ ငွေတိုက် ထဲမှာ သီးသန့် သိမ်းထားတဲ့ ရွှေက အပြင်မှာ လည်ပတ်တည်ရှိနေတဲ့ စက္ကူပိုက်ဆံရဲ့ တစ်ဝက်ပေါ့။
ရွှေပန်းထိမ်သည်တွေရဲ့ သမိုင်းကြောင်းက fractional reserve banking ရဲ့ ထူးခြားတဲ့ လက္ခဏာ ၂ ရပ်ကို မီးမောင်း ထိုးပြထား ပါတယ်..။
(၁) ဘဏ်တွေဟာ ငွေချေး (lend) ပြီးတော့ ပိုက်ဆံရအောင် ဖန်တီးနိုင်တယ်။ ရွှေပန်းထိမ်သည်တွေဟာ သူတို့ဆီမှာရှိတဲ့ သီးသန့်ရွှေတွေက အပြည့်အဝ ကျောထောက်နောက်ခံ မလုပ်ထားတဲ့၊  စက္ကူပိုက်ဆံတွေကို ငွေချေးဌားသူ borrower တွေဆီကို ထုတ်ပေးပြီး အတိုးယူတယ်။ ငွေရအောင် ဖန်တီးတယ်။ ဆိုလိုတာက သူတို့ဆီမှာ ရှိတဲ့ ရွှေတွေထက် ပမာဏပိုများတဲ့ ပိုက်ဆံတွေကို ထုတ်ချေးတယ်။ ဖန်တီးနိုင်တဲ့ ငွေပမာဏကတော့ ဒီသီးသန့်ထား ထားတဲ့ ရွှေပမာဏပေါ်မူတည်ပါတယ်။ လာထုတ်တဲ့ ရွှေပမာဏက နည်းတယ်လို့ ထင်လေလေ၊ လာမထုတ်လေလေ ရွှေပန်းထိမ်သည်တွေ ဖန်တီးနိုင်တဲ့ ငွေပမာဏက များလေလေပါဘဲ။ ဒီကနေ့ခေတ်မှာတော့ ရွှေကို ဘဏ်ရဲ့ သီးသန့် လျာထားငွေအဖြစ်မသုံးကြတော့ဘူး။ ငွေသားတွေကိုဘဲ bank reserve အဖြစ် သုံးပါတယ်။ ဒီတော့ ဘဏ်တွေက အပ်ငွေတွေထဲက ထုတ်ချေးနိုင်တဲ့ ပမာဏကို အဲဒီ သီးသန့်ငွေသားတွေက ကန့်သတ်ထားတယ်။ ဘဏ်တွေဟာ သီးသန့် ငွေသားပမာဏကို ဥပဒေအရ ထားကို ထားရပါတယ်။
(၂) အဲဒီ fractional reserve ကို အခြေခံပြီး လည်ပတ်နေရတဲ့ ဘဏ်တွေဟာ ငွေအပ်ထားသူတွေက အပ်ငွေတွေကို တပြိုင်တည်း စုပြုံ ငွေထုတ်ကြရင်တော့ ဘဏ်တွေမှာ စိုးရိမ်ထိတ်လန့်ဖွယ်ရာ အခြေအနေ ငွေပြတ်လပ်မှု bank runs or panics နဲ့ တွေ့ကြုံရတော့ တာပါဘဲ။ ဒီလို ကံမကောင်း အကြောင်းမလှအခြေအနေနဲ့ တွေ့ကြုံရပြီဆိုရင် ဘဏ်တွေ ပျက်စီးကုန် တော့တာပါဘဲ။ သို့သော်လဲ ဘဏ်တွေရဲ့ သီးသန့်ငွေသားနဲ့ ငွေချေးတဲ့ မူဝါဒတွေကို   စေ့စေ့စပ်စပ် သေသေချာချာ ခိုင်ခိုင်ခန့်ခန့် လုပ်ထားရင်တော့ bank panic က ဖြစ်ဖို့ သိပ်ကို ခဲယဉ်းပါတယ်။ ဒါကြောင့်လဲ ဘဏ်လုပ်ငန်း စံနစ်တွေမှာ စည်းမျဉ်းစည်းကမ်း တင်းတင်းကြပ်ကြပ်ထားရတဲ့ အကြောင်းရင်း တစ်ခုကတော့ ငွေအပ်သူတွေ စုပြုံထုတ်တဲ့ bank runs ကို ကာကွယ်ဖို့ဘဲ ဖြစ်ပါတယ်။
ဒါကြောင့်လဲ အပ်ငွေအာမခံ deposit insurance ထားတဲ့စံနစ်ဖြစ်လာပါတယ်။ အပ်ငွေတွေကို အာမခံထားခြင်းဖြင့် deposit insurance သည် bank runs လို ပြဿနာမျိုးကို ကာကွယ်နိုင်ပါတယ်။ bank runs ဖြစ်တဲ့ အခြေအနေမျိုးမှာ "ဘဏ် က ဒေဝါလီခံရတော့မယ်၊ ဘဏ်ငွေတိုက်ထဲမှာ ထားထားတဲ့ သီးသန့်ငွေသားကလဲ နည်းနည်းလေးဘဲ ရှိတော့တယ်" စတဲ့   ကောလဟာလတွေကလဲ ပျံ့နှံ့လာပါတယ်။ bank runs လို့ခေါ်ရတာကလဲ ငွေအပ်ထားသူတွေဟာ ဘဏ်တွေဆီကို ပြေးလာ (run) ပြီး ဘဏ်မှာကျန်တဲ့ ငွေသားတွေထဲက သူတို့ငွေကိုရအောင် ထုတ်ကြလို့ဘဲဖြစ်ပါတယ်။ ကံကောင်းသူရမယ်ပေါ့။   ကောလဟာလဆိုတာ အခြေအမြစ်မရှိပါဘူး။ ဒါပေမဲ့လဲ ဘဏ်တွေမှာ သူ့မှာရှိရမဲ့ ပုံမှန်သီးသန့်ငွေသား ရှိနေရင်တောင်မှ   ဒေဝါလီခံရဖို့ ဖြစ်လာပါတော့တယ်။ လူတွေအများကြီး တပြိုင်တည်းငွေထုတ်တဲ့အခါ သီးသန့်ငွေသားလက်ကျန်က ပြတ်ထွက် သွားပြီး ငွေအပ်ထားသူတွေအားလုံးကို ပေးဖို့က မဖြစ်နိုင်တော့ပါဘူး။ ဒီတော့ ငွေအပ်သူတွေကို သူတို့ရဲ့ အပ်ငွေတွေ အမြဲရ-ရမယ်လို့ အာမခံပေးထားခြင်းဖြင့် deposit insurance ဟာ အပ်ငွေတွေကို အလုအယက် ထုတ်ဖို့ကြိုးစားတာကို ဖယ်ရှားပေး လိုက်ပါတယ်။ bank runs အများစုကို တားဆီးနိုင်ပါတယ်။
နောက်ဆောင်းပါးများမှာ ယခုခေတ် fractional reserve system ဘယ်လို အလုပ်လုပ်သလဲဆိုတာကို ကူးသန်း ရောင်းဝယ်ရေးဘဏ်တစ်ခုရဲ့ လက်ကျန်ရှင်းတမ်းနဲ့ ဖော်ပြမှာ ဖြစ်ပါတယ်......။

McConnell, Brue နှင့် Flynnတို့ရေးသားသော eighteenth edition, "Economics, Principles, Problems, and Policies" ကို ကိုးကားဘာသာပြန်ပါသည်။

ဖြူဖြူ




No comments:

Post a Comment