ရင်တွင်းစကား

မိမိ သိသမျှသော Economics နှင့် ပတ်သက်သည့် သင်ခန်းစာ ဆောင်းပါးများ၊ Accounting, Finance နှင့်ပတ်သက်သည့် သင်ခန်းစာ ဆောင်းပါးများကို စေတနာသန့်သန့်ဖြင့် ဝေမျှထားပါသည်။ စာရေးသူသည် သိပ်တော်၊ သိပ်တတ်နေတဲ့ ပညာရှင် တစ်ယောက် လုံးဝ မဟုတ်ပါ။ ဒါကြောင့် အမှားများပါလျှင် ခွင့်လွှတ်ကြပါလို့ ….

ဖြူ ဖြူ

Monday, January 14, 2013

စုစုပေါင်း ဝယ်လိုအားနဲ့ စုစုပေါင်း ရောင်းလိုအား ၁

စုစုပေါင်း ဝယ်လိုအား


စုစုပေါင်း ဝယ်လိုအား ဆိုတာ ဈေးနှုန်း အဆင့်ဆင့်တိုင်းမှာ ဝယ်ယူသူများက စုပေါင်း ဝယ်ယူလိုတဲ့ အမှန် ကုန်ထွက် ပမာဏ (real GDP) ကိုပြတဲ့မျဉ်းကွေး သို့မဟုတ် ဇယားဘဲဖြစ်ပါတယ်။ ဈေးနှုန်းအဆင့်နဲ့ real GDP ပမာဏရဲ့ ဆက်စပ်မှုကတော့   ပြောင်းပြန်ဘဲ   ဖြစ်ပါ တယ်။ ဈေးနှုန်းတက်ရင် ကုန်ထွက်ကို ဝယ်လိုအား က ကျဆင်းမယ်။ ဈေးနှုန်းကျရင်တော့ ကုန်ထွက် ဝယ်လိုအားက တက်လာ မှာဘဲ ဖြစ်ပါတယ်။
အောက်ဖော်ပြပါ ပုံကတော့ ဈေးနှုန်းအဆင့်နဲ့  real GDP ရဲ့ဆက်စပ်မှုကို  ပြတဲ့ မျဉ်းကွေးဘဲ   ဖြစ်ပါ တယ်။ စုစုပေါင်း ဝယ်လိုအား မျဉ်းကွေး aggregate demand curve ရဲ့လျောစောက် slope ကတော့   အောက်ကို ဆင်းနေတဲ့ ပုံစံ downward ဖြစ်ပါတယ်။


The aggregate demand curve

ဘာဖြစ်လို့ downward slope ဖြစ်ရသလဲ ဆိုတဲ့ အကြောင်းရင်းဟာ ကုန်စည်တစ်ခုချင်းရဲ့ ဝယ်လိုအား မျဉ်းကွေး downward slope ဖြစ်ရတဲ့ အကြောင်းရင်းနဲ့ မတူပါဘူး။ 


စီးပွားရေး အဆောက်အအုံဟာ စုစုပေါင်း ဝယ်လိုအား မျဉ်းကွေးပေါ်မှာ ရွေ့လျား ဆင်းသက်လာတဲ့အခါ ၄င်းဟာ နိမ့်ကျတဲ့ အထွေထွေ ဈေးနှုန်းအဆင့်ဆီကို ရွေ့သွားပါတယ်။ စားသုံးသူတွေက ကုန်စည်နဲ့   ဆောင်ရွက်မှုတွေ အတွက် ဈေးနှုန်းအနိမ့်ကို ပေးရတဲ့အခါ သူတို့ရဲ့အမည်ခံ ဝင်ငွေ nominal income နည်းနည်းကသာ သွင်းအားစု ရောင်းတဲ့သူတွေဆီကို လစာ၊ ငှားရမ်းခ၊ အတိုး၊ အမြတ် စတဲ့ ပုံစံတွေနဲ့ စီးဝင် သွားပါတယ်။ ရလာဒ် အနေနဲ့ ဈေးနှုန်းအဆင့် ကျဆင်းတာဟာ စီးပွားရေး အဆောက်အအုံ တစ်ခုလုံး အနေရဲ့အမည်ခံဝင်ငွေ မြင့်တက်လာတယ်လို့ မဆိုနိုင်ပါဘူး။ အခု ဈေးနှုန်း အဆင့် ကျဆင်းတာ ဟာ ဝင်ငွေ အကျိုးသက်ရောက်မှု income effect ရော၊ အစားထိုး အကျိုးသက်ရောက်မှု substitution effect ကိုရော မဖြစ်စေပါဘူး။

ဒါဆို ထုံးစံဖြစ်တဲ့ income effect နဲ့ substitution effect ကြောင့် စုစုပေါင်း ဝယ်လိုအား မျဉ်းကွေးဟာ downward slope ဖြစ်တာ မဟုတ်ရင် ဘာကြောင့်လဲလို့ စဉ်းစားကြတဲ့ အခါ ဈေးနှုန်းအဆင့် ပြောင်းလဲမှု ရဲ့အကျိုးသက်ရောက်မှု ၃ မျိုး ကြောင့်ဘဲ ဖြစ်ပါတယ်။ 

၁။ အမှန်လက်ကျန် အကျိုးသက်ရောက်မှု Real-Balances Effect


ဈေးနှုန်းအဆင့် ပြောင်းလဲမှုဟာ real-balances effect ကို ဖြစ်စေပါတယ်။ ဘယ်လိုလဲ ဆိုတော့ ဈေးနှုန်း   မြင့်မားမှုဟာ လူထုရဲ့ဆင့်ကဲစုဆောင်းမှု စာရင်းလက်ကျန် ရဲ့ အမှန်တန်ဘိုးကို ကျဆင်းစေပါတယ်။ အထူးသဖြင့် ပုံသေငွေတန်ဘိုးရှိတဲ့ ရပိုင်ခွင့်တွေရဲ့ အမှန်တန်ဘိုး ဥပမာ အားဖြင့် စုငွေ စာရင်း သို့မဟုတ်   ငွေတိုက်စာချုပ် တွေရဲ့တန်ဘိုးတွေဟာ ကျဆင်းသွားပါတယ်။ ဈေးနှုန်း အဆင့် မြင့်မားမှုဟာ အဲဒီ ရပိုင်ခွင့်တွေရဲ့ ဝယ်ယူနိုင်စွမ်းအား purchasing power ကို ကျဆင်းစေတဲ့ အတွက် လူထုဟာ အမှန် တန်ဘိုး အနေနဲ့ တွက်ရင် ဆင်းရဲ သွားပါတယ်။ သုံးစွဲမှုတွေလဲ ကျဆင်းသွားပါတယ်။ ဥပမာ အိမ်ထောင်စု တစ်ခုဟာ သူ့ရဲ့ financial asset တစ်ခုမှာ ဝယ်ယူနိုင်စွမ်းအားဟာ ကျပ် ၅၀၀,၀၀၀ ရှိတယ်ဆိုရင် ရုပ်မြင် သံကြားစက် တစ်လုံးကို ဝယ်ယူကောင်း ဝယ်ယူလိမ့်မယ်။ ဒါပေမဲ့ ငွေဖောင်းပွမှုကြောင့် အဲဒီ asset ရဲ့ purchasing power ဟာ ကျပ် ၃၀၀,၀၀၀ ကို ကျသွားရင် အိမ်ထောင်စုရဲ့ဝယ်ယူမှုဟာ ဆိုင်းသွားမှာပါ။ စားသုံးမှုကို မလုပ်တော့ဘူးပေါ့။ ဒါကြောင့် ဈေးနှုန်းမြင့်တာဟာ စားသုံးမှု အသုံးစရိတ်ကို လျော့နည်းစေပါတယ်။

၂။ အတိုးနှုန်း အကျိုးသက်ရောက်မှု Interest-Rate Effect


အတိုးနှုန်း အကျိုးသက်ရောက်မှု ကြောင့် စုစုပေါင်း ဝယ်လိုအား မျဉ်းကွေးရဲ့ slope က downward   ဖြစ်ပါတယ်။ စုစုပေါင်း ဝယ်လိုအား မျဉ်းကွေးကို ဆွဲတဲ့အခါ တိုင်းပြည်မှာ ရှိတဲ့ ငွေကြေးပမာဏက ပုံသေ ဖြစ်ပါတယ်လို့ ယူဆထားပါတယ်။ သို့သော်လဲ ဈေးနှုန်း မြင့်တက်လာတဲ့ အခါ စားသုံးသူတွေက ဝယ်ယူဖို့ အတွက် ပိုက်ဆံတွေ ပိုလိုလာပါတယ်။ လုပ်ငန်းတွေကလဲ အလုပ်သမားတွေကို လခပေးဖို့ ပိုက်ဆံနဲ့ အခြား သွင်းအားစုများကို ဝယ်ယူဖို့ ပိုက်ဆံတွေ ပိုလိုတယ်။ ဥပမာ ပစ္စည်းတစ်ခုဟာ ကျပ် ၁၀၀ ဈေးနှုန်း ရှိတယ်ဆိုရင် ၁၀၀ တန် ငွေစက္ကူနဲ့ အလုပ်ဖြစ်တယ်။ တကယ်လို့ ပစ္စည်းက ဈေးနှုန်းက ကျပ် ၁၁၀ ဖြစ် သွားရင် ၁၀၀ တန် ငွေစက္ကူအပြင် ၁၀ တန် ငွေစက္ကူပါ ထပ်လိုတာပေါ့။ အတိုပြောရရင် ဈေးနှုန်းမြင့်တာ ဟာ ငွေကြေး ဝယ်လိုအား ကို  မြင့်တက်စေပါတယ်။ ဒါကြောင့် ပုံသေ ငွေကြေးပမာဏမှာ ငွေကြေး ဝယ်လိုအား တက်လာတာဟာ ငွေကြေးကို အသုံးပြုမှုအတွက် ပေးရတဲ့ဈေးနှုန်း တက်လာပါတယ်။ အဲဒီ ဈေးနှုန်းဟာ အတိုးနှုန်း ဘဲ ဖြစ်ပါတယ်။

အတိုးနှုန်း မြင့်တာဟာ ရင်းနှီး မြှုပ်နှံမှု အသုံးစရိတ်နဲ့ အတိုးအားပြု စားသုံးမှု အသုံးစရိတ် ကို လျော့ပါးစေ ပါတယ်။ ဥပမာအားဖြင့် အတိုးနှုန်းက ၅ % ရှိတဲ့ အချိန်မှာ လုပ်ငန်းက ရင်းနှီးမှုပေါ် ပြန်ရချက် rate of return ဟာ ၆ % လို့ ခန့်မှန်းတယ်ဆိုရင် လုပ်ငန်းက မြတ်နိုင်ချေ ရှိပါတယ်။ အဲလိုမဟုတ်ဘဲ အတိုးနှုန်းက ၇% ကို တက်သွားရင်တော့ ရင်းနှီးမှုဟာ မမြတ်တော့ဘူး။ မရင်းနှီးသင့် တော့ပါဘူး။ အလားတူစွာဘဲ   ချေးငွေပေါ် အတိုးနှုန်းက မြင့်တက်သွားရင် စားသုံးသူတွေက အိမ်သစ် သို့မဟုတ် ကားသစ် ဝယ်ဖို့ မဆုံးဖြတ်တော့ပါဘူး။ ဒါကြောင့် ငွေကြေး ဝယ်လိုအားနဲ့ တဆက်တည်း အတိုးနှုန်း တက်လာခြင်းဖြင့် ဈေးနှုန်း အဆင့် မြင့်မားတာဟာ အမှန်ကုန်ထွက် ဝယ်လိုအား ပမာဏကို ကျဆင်းစေပါ တယ်။

၃။ နိုင်ငံခြား ဝယ်ယူခြင်း အကျိုးသက်ရောက်မှု Foreign Purchases Effect


စုစုပေါင်း ဝယ်လိုအား မျဉ်းကွေးရဲ့ slope downward ဖြစ်ရတဲ့ နောက်ဆုံး အကြောင်းရင်းကတော့ foreign purchases effect ဘဲ ဖြစ်ပါတယ်။ ပြည်တွင်းရဲ့ ဈေးနှုန်းအဆင့်ဟာ ပြည်ပ ဈေးနှုန်းအဆင့်နဲ့ ယှဉ်လို့ မြင့်တက်နေရင် နိုင်ငံခြားသားတွေက ပြည်တွင်းက ထုတ်တဲ့ ကုန်စည်ကို နည်းနည်းဘဲ ဝယ်ယူပြီး ကိုယ့်တိုင်းပြည်က ပြည်ပ ကုန်စည်ကို ပိုပြီး ဝယ်ယူကြပါတယ်။ ဒါကြောင့် ကိုယ့်တိုင်းပြည်ရဲ့ ပြည်ပပို့ကုန် export  က ကျပြီး သွင်းကုန် import က မြင့်လာပါတယ်။ အချုပ်ပြောရရင် ဈေးနှုန်း အဆင့် မြင့်တာဟာ ကိုယ့်တိုင်းပြည်ရဲ့ကုန်စည် ဝယ်လိုအား အရေအတွက် ကို လျှော့ချလိုက်ပါတယ်။ အသားတင် ပို့ကုန်က ကျသွားပါတယ်။

ဈေးနှုန်းအဆင့် ကကျသွားရင်တော့ ဒီ effect ၃ ခုစလုံးက ဆန့်ကျင်ဘက်ကို ဖြစ်စေပါတယ်။ ဈေးနှုန်း ကျရင် real-balances effect နဲ့ interest-rate effect ကမှတစ်ဆင့် စားသုံးမှုကိုမြင့်တက်စေပါတယ်။ interest-rate effect ကမှတစ်ဆင့် ရင်းနှီးမြှုပ်နှံမှု ကို မြင့်တက်စေပါတယ်။ foreign purchases effect ကမှ တစ်ဆင့် ပို့ကုန်မြင့်တက်၊ သွင်းကုန်ကျဆင်းပြီး အသားတင် ပို့ကုန် ကို မြင့်တက်စေပါတယ်။

စုစုပေါင်း ဝယ်လိုအား ပြောင်းလဲခြင်း 


အခြားအရာများ တူညီနေတဲ့အခါမှာ ဈေးနှုန်းအဆင့် ပြောင်းလဲမှုဟာ စုစုပေါင်း သုံးစွဲမှု ပမာဏကိုလဲ   ပြောင်းလဲ စေပြီး တိုင်းပြည်ရဲ့အမှန် GDP ဝယ်လိုအား ပမာဏကိုလဲ ပြောင်းလဲစေပါတယ်။ ပုံသေ   ဖြစ်တဲ့ စုစုပေါင်း ဝယ်လိုအား မျဉ်းကွေး တလျှောက်ရှိ ရွေ့လျားမှုများဟာ real GDP ပြောင်းလဲမှုကို ကိုယ်စားပြုပါတယ်။ သို့သော်လည်း အခြားအရာများထဲက တစ်ခု သို့မဟုတ် များများ ပြောင်းလဲခဲ့ရင် စုစုပေါင်း ဝယ်လိုအား မျဉ်းကွေးဟာ ရွေ့လျားသွားပါတယ်။ အဲဒီ အခြားအရာများကို စုစုပေါင်း ဝယ်လိုအား   ပြောင်းလဲမှုကို သြဇာသက်ရောက်စေတဲ့ အချက်များ လို့ခေါ်ပါတယ်။ စုစုပေါင်း ဝယ်လိုအား ပြောင်းလဲမှု မှာ အပိုင်း ၂ ပိုင်း ပါဝင်ပါတယ်။

  •  real GDP ဝယ်လိုအား ပမာဏကို တိုက်ရိုက် ပြောင်းလဲစေတဲ့ စုစုပေါင်း ဝယ်လိုအားရဲ့ determinants တွေထဲက ၁ ခု ရဲ့ပြောင်းလဲမှု
  • သုံးစွဲမှုမှာ ကနဦး ပြောင်းလဲမှုထက် စုစုပေါင်း ဝယ်လိုအားမှာ အဆများစွာ ပြောင်းလဲမှုကို ဖြစ်စေတဲ့ ဆပွား အကျိုးသက်ရောက်မှု

Change in Aggregate Demand

အထက်ပါပုံမှာ မျဉ်းကွေး AD1 ကနေ AD2 ဆီကို ညာဘက်သို့ အပြည့်အဝ ရွေ့သွားတာသည် စုစုပေါင်း ဝယ်လိုအား ရွေ့လျား တာဘဲ ဖြစ်ပါတယ်။ အပိုင်း ၂ ပိုင်းခွဲကြည့်မယ်ဆိုရင် AD1 နဲ့ ညာဘက်က မျဉ်းကွေး အပြာရောင် ကြားက အလျားလိုက် အကွာအဝေးသည် သုံးစွဲမှုမှာ ကနဦး မြင့်တက်မှုကို ပြပါတယ်။ ဥပမာ ရင်းနှီး မြှုပ်နှံမှု ကျပ် ၅ သန်း တိုးလာတာ ဆိုပါစို့။ တကယ်လို့ စီးပွားရေး အဆောက်အအုံရဲ့ နောက်ထပ် စားသုံးဖို့ အလားအလာ marginal propensity to consume (MPC) သည် 0.75 ဖြစ်တယ်ဆိုရင် သာမန် မြှောက်ဖော်ကိန်း simple multiplier က 4 ဖြစ်ပါတယ်။ 


multiplier ဆိုတာကတော့ သုံးစွဲမှု ကနဦးပြောင်းလဲတာဟာ real GDP ရဲ့ဘယ်နှစ်ဆ ကြီးပြီး   ပြောင်းလဲ သလဲကို ဆုံးဖြတ်ပေးပါတယ်။ ဒါကြောင့် AD1 နဲ့ အပြာရောင် မျဉ်းကြားက အကွာအဝေးထက် ၄ ဆ ဖြစ်တဲ့ AD1 မှ AD2 ဆီကို ညာဘက်သို့ ရွှေ့သွားပါတယ်။ multiplier process သည် သုံးစွဲမှုမှာ ကနဦး   ပြောင်းလဲမှု ကနေ ထပ်ပြီး ဆက်တိုက် သုံးစွဲတာကို ပြပါတယ်။ ကနဦးပြောင်းလဲမှု ကြောင့် စုစုပေါင်း ဝယ်လိုအား မျဉ်းကွေး ရွေ့သွားတဲ့အခါ ကုန်စည်နဲ့ ဆောင်ရွက်မှု နောက်ထပ် ကျပ် သန်း ၂၀ ဖိုး ကို   ဈေးနှုန်း အဆင့်တိုင်းမှာ ဝယ်ယူလိုကြမှာ ဖြစ်ပါတယ်။ တနည်းအားဖြင့် investment ကျပ် ၅ သန်း တိုးလိုက်တာဟာ real GDP ကျပ် သန်း ၂၀ တက်လာပါတယ်။ 

Change in GDP = multiplier x initial change in spending
K 20 billion   = 4 x K 5 billion

အလားတူစွာဘဲ AD1 ကနေ ဘယ်ဘက်က AD3 ဆီကို ရွေ့သွားတာဟာ စုစုပေါင်း ဝယ်လိုအား ကျဆင်း တာကို ပြပါတယ်။ တနည်းအားဖြင့် ဈေးနှုန်း အဆင့်တိုင်းမှာ real GDP ဝယ်လိုအား ကျဆင်းသွား တာ   ဖြစ်ပါတယ်။ AD1 နဲ့ ဘယ်ဘက်က အပြာရောင်လိုင်း ကြားက အကွာအဝေးဟာ သုံးစွဲမှု ကနဦး ကျဆင်း သွားတာ ဖြစ်ပါတယ်။ အဲဒီအခါ multiplier effect ကြောင့် စားသုံးမှုမှာ ဆပွားကျဆင်းမှု ဖြစ်ပြီး ဘယ်ဘက် က AD3  ဆီကို ရွေ့သွားပါတယ်။ 

စုစုပေါင်းဝယ်လိုအားမှာ ပါဝင်တဲ့ အစိတ်အပိုင်းများကို အရှေ့က ဆောင်းပါးများမှာ ရေးခဲ့ ပြီးပါပြီ။ စုစုပေါင်း ဝယ်လိုအားဆိုတာ စုစုပေါင်း GDP၊ တနည်း တိုင်းပြည်ရဲ့ ဝင်ငွေ စသည်တို့နဲ့ တူပါတယ်။ ဒီတော့ သူ့မှာ ပါဝင်တဲ့ အစိတ်အပိုင်းများ ဖြစ်တဲ့ စားသုံးမှု၊ ရင်းနှီး မြှုပ်နှံမှု၊ အစိုးရ အသုံးစရိတ်နဲ့ အသားတင်ပို့ကုန် စသည်များကို စစ်ဆေးကြည့်ပါမယ်။

စားသုံးမှု Consumption


တိုင်းပြည်ရဲ့ ဈေးနှုန်းက ကိန်းသေဖြစ်နေရင်တောင်မှ  ပြည်တွင်းက စားသုံးသူများရဲ့ ပြည်တွင်းထုတ်တဲ့ အမှန် ကုန်ထွက် ဝယ်ယူမှုမှာ အပြောင်းအလဲ ဖြစ်နိုင်ပါတယ်။ စားသုံးသူတွေက ဈေးနှုန်းအဆင့် တစ်ခုချင်း စီမှာ ပိုမို ဝယ်ယူကြမယ်ဆိုရင် စုစုပေါင်း ဝယ်လိုအားဟာ AD1 မှ AD2 သို့ ညာဘက်ကို ရွေ့သွားပါမယ်။   လျှော့ဝယ်ကြမယ်ဆိုရင် AD1 မှ AD3 သို့ ဘယ်ဘက်ကို ရွေ့ပါမယ်။ ဈေးနှုန်း မပြောင်းလဲဘဲနဲ့  အခြား အချက်များစွာသည် စားသုံးမှုကို ပြောင်းလဲစေပြီး စုစုပေါင်းဝယ်လိုအား မျဉ်းကွေး ရွေ့သွားပါတယ်။

Consumer Wealth - တိုင်းပြည်မှာ ရှိတဲ့စားသုံးသူ တွေပိုင်ဆိုင်တဲ့ ရပိုင်ခွင့် assets တွေအားလုံးရဲ့ စုစုပေါင်း တန်ဘိုးထဲကနေ သူတို့ရဲ့ ပေးရန်တာဝန် liabilities တန်ဘိုးတွေကို နုတ်တာကို consumer wealth လို့ခေါ်ပါတယ်။ assets ထဲမှာ စတော့ stocks၊ ဘွန်း bonds ၊ တွေနဲ့ အိမ်ခြံမြေတွေ real estate ပါဝင်ပါတယ်။ liabilities ထဲမှာ အိမ်အရစ်ကျ ဝယ်တဲ့ ချေးငွေ mortgages ၊ ကားချေးငွေ car loans နဲ့ အကြွေးဝယ်ကဒ် လက်ကျန် credit card balances တွေ ပါဝင်ပါတယ်။ assets ရဲ့တန်ဘိုး ရုတ်တရက် ပြောင်းလဲသွားရင် consumer wealth ကလဲ ရုတ်တရက် မမျှော်လင့်ဘဲ   ပြောင်းလဲသွား ပါတယ်။ ဥပမာ စတော့ ဈေးရုတ်တရက် ထိုးတက်သွား တာမျိုးပေါ့။ အဲလို ချမ်းသာ ကြွယ်ဝမှုတက် လာတော့ စားသုံးသူတွေက စုတာလျှော့ပြီး ပိုပြီး ဝယ်ယူ စားသုံး ကြတယ်။ အဲဒီတော့ စားသုံးမှု consumption တက်လာတယ်။ ဒါကို wealth effect လို့ခေါ်တယ်။ wealth effect က စုစုပေါင်း ဝယ်လိုအား မျဉ်းကွေးကို ညာဘက်ကို ရွေ့သွားစေတယ်။ ဆန့်ကျင်ဘက်အားဖြင့် assets ရဲ့တန်ဘိုး ရုတ်တရက်ကျဆင်း သွားရင် consumer wealth ရုတ်တရက် ကျမယ်။ reverse wealth effect ဟာ စားသုံးသူတွေကို စုဆောင်းမှုကို မြင့်စေပြီး စားသုံးမှုကို လျော့ကျစေပါတယ်။ ဒါကြောင့် စုစုပေါင်း ဝယ်လိုအား မျဉ်းကွေးဟာ ဘယ်ဘက်ကို ရွေ့သွားပါတယ်။

Household Borrowing - စားသုံးသူတွေဟာ သူတို့ရဲ့ စားသုံးမှုကို ချေးဌားခြင်းဖြင့်လဲ တိုးမြှင့်နိုင် ပါတယ်။ အဲလိုလုပ်ရင် စုစုပေါင်း ဝယ်လိုအား မျဉ်းကွေးဟာ ညာဘက်ကို ရွေ့သွားပါတယ်။ စားသုံး မှုအတွက် ချေးဌားတာ ကျဆင်းရင် စုစုပေါင်း ဝယ်လိုအား မျဉ်းကွေးဟာ ဘယ်ဘက်ကို   ရွေ့သွားပါတယ်။   နောက်တစ်ခါ စားသုံးသူတွေက သူတို့ရဲ့ ကြွေးမြီတွေကို ပေးချေဖို့ စုဆောင်းမှုကို   မြှင့်ရင်လဲ စုစုပေါင်း ဝယ်လိုအား မျဉ်းကွေးဟာ ဘယ်ဘက်ကို ရွေ့ပါတယ်။ အကြွေးတွေကို များများ ပြန်ဆပ်တော့ စားသုံးမှုတွေ လျော့ကျပြီး AD က ဘယ်ဘက်ကို ရွေ့သွားပါတယ်။ 

Consumer Expectations - အနာဂတ်ကာလနဲ့ ပတ်သက်တဲ့ ခန့်မှန်းချက်တွေ၊   မျှော်လင့်ချက်တွေ   ပြောင်းလဲရင်လဲ စားသုံးမှု ကို ပြောင်းလဲ နိုင်ပါတယ်။ လူတွေက သူတို့ရဲ့ အနာဂတ်ဝင်ငွေတွေ တက်မယ်လို့ မျှော်လင့်ရင် ပိုသုံးကြတယ်။ စားသုံးမှုတက်၊ စုဆောင်းမှုကျပြီး စုစုပေါင်းဝယ်လိုအားမျဉ်းကွေးဟာ ညာဘက်ကို ရွေ့သွားပါတယ်။ အလားတူဘဲ အနာဂတ်မှာ   ငွေဖောင်းပွမှုတက်လာပြီး ငွေတန်ဘိုးတွေ ကျမယ်ထင်ရင် တနည်း ပစ္စည်းတွေ ဈေးတက်မယ်ထင်ရင် ကုန်စည်တွေကို ပိုဝယ်ကြလို့ AD ဟာ တက်လာပါတယ်။ အနာဂတ် ဝင်ငွေ နိမ့်မယ်ထင်ရင် သို့မဟုတ် အနာဂတ် ဈေးနှုန်းတွေ ကျမယ်ထင်ရင် လက်ရှိ စားသုံးမှုကို လျှော့တဲ့အတွက် စုစုပေါင်း ဝယ်လိုအားဟာ ကျဆင်းပြီး ဘယ်ဘက်ကိုရွေ့သွား ပါတယ်။ 

Personal Taxes - ဝင်ငွေခွန်နှုန်း ကျဆင်းရင်လဲ အသားတင်ဝင်ငွေက ပိုထွက်လာလို့ စားသုံးမှု မြင့်တက်လာပါတယ်။ အခွန်တွေကို  လျှော့လိုက်ရင် AD က ညာဘက်ကို ရွေ့ပြီး အခွန်တွေ တိုးမြှင့်ရင်   တော့ AD က ဘယ်ဘက်ကို   ရွေ့သွားပါတယ်။

ရင်းနှီး မြှုပ်နှံမှု Investment


Investment ကတော့ စုစုပေါင်းဝယ်လိုအားကို ပြောင်းလဲစေတဲ့ နောက်ထပ် အစိတ်အပိုင်း တစ်ခုဘဲ   ဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံမှုတွေကျရင် စုစုပေါင်း ဝယ်လိုအားဟာ ကျဆင်းပြီး ဘယ်ဘက်ကို ရွေ့ပါမယ်။ ရင်းနှီး မြှုပ်နှံမှု အသုံးစရိတ်တွေ တက်လာရင် AD ဟာ ညာဘက်ကို ရွေ့ပါမယ်။  

Real Interest Rates -  အခြားအရာတွေ တူညီနေတဲ့အခါ အမှန် အတိုးနှုန်း တက်ရင် investment ကို ကျဆင်းစေပြီး စုစုပေါင်း ဝယ်လိုအား ကျဆင်းသွားပါတယ်။ အခု ပြောနေတဲ့ အတိုးနှုန်း ပြောင်းလဲမှုက တိုင်းပြည်ရဲ့ ငွေကြေးပမာဏ money supply ပြောင်းလဲမှုကြောင့် ဖြစ်တာပါ။ ငွေကြေးပမာဏ တက်ရင် အတိုးနှုန်းနိမ့်မယ်။ အဲဒီအခါ ရင်းနှီး မြှုပ်နှံမှု တက်လာပြီး စုစုပေါင်း ဝယ်လိုအား တက်ပါမယ်။ ငွေကြေး ပမာဏ ကျဆင်းရင် အတိုးနှုန်း မြင့်တက်မယ်။ investment ကျဆင်းမယ်။ စုစုပေါင်း ဝယ်လိုအားလဲ ကျဆင်း ပါမယ်။

Expected Returns -  ရင်းနှီးမြှုပ်နှံထားတဲ့ စီမံကိန်းတွေကနေ ပြန်ရမဲ့ အမြတ်က မြင့်တယ်ဆိုရင် အရင်း အနှီး ကုန်စည် capital goods တွေရဲ့ ဝယ်လိုအား မြင့်တက်လာပြီး စုစုပေါင်း ဝယ်လိုအား မျဉ်းကွေးကလဲ ညာဘက်ကို ရွေ့သွားမှာပါ။ ပြန်ရမဲ့ အမြတ်က နိမ့်ရင် investment နိမ့်ကျပြီး AD ကလဲ ဘယ်ဘက် ကို ရွေ့သွားမှာပါ။ ပြန်ရမဲ့ အမြတ် မြင့်မားမှု၊ နိမ့်ကျမှုကလဲ အနာဂတ်မှာ စီးပွားလုပ်ငန်း အခြေအနေနဲ့ ပတ်သက်လို့ မျှော်လင့်ချက်၊ နည်းပညာတိုးတက်မှု၊ မသုံးရဘဲ အပိုဖြစ်နေတဲ့ အရင်းအနှီး အင်အားများ နဲ့တကွ လုပ်ငန်းစီးပွား အခွန်အခ များပေါ် မူတည်နေပါတယ်။ 

အတိုးနှုန်းနဲ့ ပြန်ရမဲ့ အမြတ်တို့ရဲ့ ပြောင်းလဲမှုတွေက investment ကို အရမ်းကိုဘဲ အတက်အကျ ဖြစ်စေပါ တယ်။ investment ကတော့ စုစုပေါင်း ဝယ်လိုအားရဲ့ အစိတ်အပိုင်းတွေထဲမှာ တည်ငြိမ်မှု အနည်းဆုံး အစိတ်အပိုင်းတစ်ခုဘဲ ဖြစ်ပါတယ်။

အစိုးရ အသုံးစရိတ် Government Spending


အစိုးရက အသုံးစရိတ်ကို မြှင့်ရင် AD ကညာဘက်ကို ရွေ့သွားပါတယ်။ ဥပမာ- စစ်လက်နက် ပစ္စည်းတွေ ဝယ်ယူတာမျိုး။ အစိုးရ အသုံးစရိတ်ကို လျှော့ချရင် AD က ဘယ်ဘက်ကို ရွေ့ပါတယ်။ ဥပမာ - လမ်းပန်း ဆက်သွယ်ရေး စီမံကိန်းတွေ လျှော့ချတာမျိုး။ 


အသားတင်ပို့ကုန် Net Export Spending 


အခြားအရာများ တူညီနေတဲ့အခါ ကိုယ့်တိုင်းပြည်က ပို့ကုန် မြင့်မားတာဟာ ကိုယ့်ဆီက ထွက်တဲ့ ကုန်စည် ကို ပြည်ပက ဝယ်ယူလိုအား မြင့်နေတာပါ။ ပို့ကုန်က သွင်းကုန်နဲ့ ယှဉ်လို့ မြင့်နေရင် အသားတင် ပို့ကုန် မြင့်တယ်လို့ ပြောပါတယ်။ အဲလိုဖြစ်ရင် AD က ညာဘက်ကို ရွေ့သွားပါတယ်။ ဆန့်ကျင်ဘက် အနေနဲ့ အသားတင် ပို့ကုန် နိမ့်ရင်တော့ AD က ဘယ်ဘက်ကို ရွေ့ပါမယ်။ (အခုပြောတဲ့ အသားတင် ပို့ကုန် အတက်အကျဟာ အပေါ်မှာ ပြောခဲ့တဲ့ foreign purchase effect ကြောင့် မဟုတ်ပါဘူး။ foreign purchase effect က AD curve ပေါ်မှာ ရွေ့လျားတာ ဖြစ်ပါတယ်။) 

အခု အသားတင်ပို့ကုန် ပြောင်းလဲတာကတော့ ပြည်ပရှိ မိမိ တိုင်းပြည်ဝင်ငွေ National Income Abroad   မြင့်မားရင် သို့မဟုတ် နိမ့်ကျရင် ဖြစ်ပါတယ်။ ပြည်ပမှာ ကိုယ့်တိုင်းပြည်က လုပ်တဲ့ ကုန်စည်တွေကို   နိုင်ငံခြားသားတွေက ပိုမို ဝယ်ယူကြရင် net export တက်မယ်။ လျှော့ဝယ်ရင် net export ကျပါမယ်။

နောက်တစ်ခါ ငွေလဲလှယ်နှုန်း exchange rate ပြောင်းလဲမှုကြောင့် အသားတင် ပို့ကုန် ပြောင်းလဲတာပါ။ ကိုယ့်တိုင်းပြည်ရဲ့ ငွေကြေး ကျပ်သည် ဒေါ်လာနဲ့ယှဉ်လို့ ဈေးကျ depreciate ဖြစ်နေရင် ကိုယ့်တိုင်းပြည် ကုန်စည်ဟာ ပြည်ပကုန်စည်ထက် ဈေးသက်သာတဲ့ သဘောဖြစ်ပါတယ်။ ပြည်ပက သူတွေ အနေနဲ့ ကိုယ့်တိုင်းပြည် ကုန်စည်ကို ဝယ်ဖို့ ဒေါ်လာ နည်းနည်းဘဲ လိုမယ်ပေါ့။ အဲဒါဆိုရင် ကိုယ့်တိုင်းပြည် ကုန်စည်ကို ပိုမို ဝယ်ယူကြပါမယ်။ ကိုယ့်တိုင်းပြည်က လူတွေကကျပြန်တော့ ပြည်ပကုန်စည်ကို ဝယ်ယူဖို့   ဒေါ်လာများများ ပေးရမယ်။ ဒီတော့ ပြည်ပကုန်စည်ကို နည်းနည်းဘဲ ဝယ်ရင် သွင်းကုန် ကျဆင်းမယ်။ net export တက်လာပါမယ်။ ဆန့်ကျင်ဘက်အားဖြင့် ကိုယ့်တိုင်းပြည်ရဲ့ ငွေကြေးသည်   ဒေါ်လာနဲ့ယှဉ်လို့   ဈေးတက် appreciate ဖြစ်နေရင် net export ကျဆင်းမှာဘဲ ဖြစ်ပါတယ်။ အဲဒီတော့ net export တက်ရင် AD တက်ပြီး ညာဘက်ကို ရွေ့မယ်။ net export ကျရင် AD လဲ ကျပြီး ဘယ်ဘက်ကို ရွေ့မှာဘဲ   ဖြစ်ပါတယ်။

အခုဆောင်းပါးမှာ ဈေးနှုန်းပြောင်းလဲမှုကြောင့် စုစုပေါင်းဝယ်လိုအားမျဉ်းကွေးပေါ်မှာ ဝယ်လိုအား အနည်းအများ   ပြောင်းလဲမှု၊ ဈေးနှုန်း ပြောင်းလဲမှုကြောင့် မဟုတ်ဘဲ စုစုပေါင်း ဝယ်လိုအားရဲ့ components များ ပြောင်းလဲမှုကြောင့် စုစုပေါင်း ဝယ်လိုအား မျဉ်းကွေး ဘယ်၊ ညာ ရွေ့လျားမှု များကို တင်ပြထား ပါတယ်။

Aggregate Demand အကြောင်းရေးပြီးတဲ့နောက် Aggregate Supply အကြောင်းကို   နောက်ဆောင်းပါးမှာ ဆက်လက် ရေးသားပါမည်။ အခု ဒီမှာ နားပါမည်။

McConnell. Brue Flynn တို့ ရေးသားသော eighteenth edition. "Economics: Principles, Problems, and Policies" မှ ကိုးကား ဘာသာပြန်ပါသည်။ 

ဖြူ ဖြူ

4 comments:

  1. I just find out the blog which is very very good... Thank you so much for all these details explanation :)

    Amanda

    ReplyDelete
    Replies
    1. Thanks so much for visiting my blog ..
      I will write more articles about economics and finance ... ^_^

      Delete