ရင်တွင်းစကား

မိမိ သိသမျှသော Economics နှင့် ပတ်သက်သည့် သင်ခန်းစာ ဆောင်းပါးများ၊ Accounting, Finance နှင့်ပတ်သက်သည့် သင်ခန်းစာ ဆောင်းပါးများကို စေတနာသန့်သန့်ဖြင့် ဝေမျှထားပါသည်။ စာရေးသူသည် သိပ်တော်၊ သိပ်တတ်နေတဲ့ ပညာရှင် တစ်ယောက် လုံးဝ မဟုတ်ပါ။ ဒါကြောင့် အမှားများပါလျှင် ခွင့်လွှတ်ကြပါလို့ ….

ဖြူ ဖြူ

Tuesday, July 24, 2012

ဈေးကွက် ပျက်ယွင်းမှု အခြေအနေ Market Failure အပိုင်း ၂


ဒုတိယအကြောင်းရင်း
       
          ဈေးကွက် ပျက်ယွင်းမှုကို ဖြစ်စေတဲ့ ဒုတိယ အကြောင်းရင်းကတော့ ပြည်သူပိုင် ကုန်စည်နဲ့ ဆောင်ရွက်မှု များဘဲ   ဖြစ်ပါတယ်။ စီးပွားရေးအရ သင့်မြတ် ဆီလျော်တဲ့ ကုန်စည်တွေ ဖြစ်ပေမဲ့လဲ သူတို့ကို ပုဂ္ဂလိက ကဏ္ဍက မထုတ်လုပ်ပါဘူး။ အဲဒီ ကုန်စည် တွေ ထုတ်လုပ်ဖို့ အတွက် သယံဇာတ သွင်းအားစုတွေကို မသုံးစွဲပါဘူး။ ဒါကို ရှင်းပြဖို့အတွက် ဦးစွာ ပုဂ္ဂလိက ကုန်စည်အကြောင်း ရှင်းပြပါမယ်....။ 


     အပြိုင်အဆိုင်ရှိတဲ့ ဈေးကွက်စံနစ်မှာ ထုတ်လုပ်တဲ့ ကုန်စည်တွေကို ပုဂ္ဂလိက ကုန်စည်တွေလို့ ခေါ်ပါတယ်။ ဥပမာ အနေနဲ့ကတော့ စတိုးဆိုင်ကြီး တွေမှာ ရောင်းတဲ့ အမျိုးမျိုး အစုံစုံသော ပစ္စည်းတွေပေါ့။ ပုဂ္ဂလိက ကုန်စည်တွေမှာ လက္ခဏာ ၂ ရပ် ရှိပါတယ်။ အဆက်မပြတ် ပြိုင်ဆိုင်မှု Rivalry နဲ့ အကျိုးကျေးဇူးမှ ဖယ်ထုတ်ထားနိုင်မှု Excludability လို့ခေါ်တယ်။ Rivalry ဆိုတာကတော့ လူတစ်ယောက်က ကုန်စည်တစ်ခု (ဥပမာ ပန်းသီး) ကို ဝယ်ယူ စားသုံး လိုက်တဲ့ အခါမှာ သူဝယ်ယူ စားသုံးတဲ့ ပန်းသီးကို တခြားသူတစ်ယောက်က ဝယ်လို့၊ စားလို့ မရတော့ပါဘူး။ တခြား ပန်းသီးကို ဝယ်မှဘဲ ရတော့မယ်။ မောင်ဖြူ ရသွားတဲ့ ပစ္စည်းကို မောင်နီက မရနိုင်ပါဘူး။ Excludability ဆိုတာကတော့ ကုန်စည်တစ်ခုရဲ့  ဈေးကွက်ဈေးနှုန်းကို ပေးနိုင်တဲ့၊ ပေးဖို့လဲ ဆန္ဒရှိတဲ့ သူတွေက အဲဒီကုန်စည်ရဲ့ အကျိုးကို ခံစားရမယ်။ မပေးနိုင်၊ မပေးချင်သူ တွေကတော့ အကျိုးကို မရဘူး။ ဒီလက္ခဏာရပ်ဟာ ပုဂ္ဂလိက လုပ်ငန်းတစ်ခုရဲ့ အမြတ်ရရှိ နိုင်တဲ့ ထုတ်လုပ်မှုကို ဖြစ်စေပါတယ်။ 
            ပြည်သူပိုင် ကုန်ပစ္စည်း တွေမှာတော့ ဆန့်ကျင်ဘက် လက္ခဏာရပ်တွေ ရှိပါတယ်။ Nonrivalry နဲ့ nonexcludability တို့ ဖြစ်ပါ တယ်။ ပြည်သူပိုင် ကုန်စည်မှ အကျိုးကျေးဇူးကို လူတိုင်းက တစ်ပြိုင်တည်း ရရှိပါတယ်။ ဥပမာ- အာကာသဂြိုလ်တု လမ်းကြောင်းပြ စနစ်၊ နိုင်ငံတော် ကာကွယ်ရေး၊ လမ်းမီးများ၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ်ခြင်း၊ ပန်းခြံ စတာ တွေဘဲ ဖြစ်ပါတယ်။ တစ်ယောက်က ရတဲ့ အကျိုးအမြတ်ဟာ အခြားတစ်ယောက် အတွက် အကျိုးအမြတ်ကို မလျော့ပါး စေပါဘူး။ တစ်ယောက်ရလို့ အခြားတစ်ယောက်က မရဘူး ဆိုတာ မရှိဘူး။ ပိုအရေးကြီး တာကတော့ အဲဒီ ကုန်ပစ္စည်းကို ထောက်ပံ့လိုက်တာနဲ့ တစ်ပြိုင်နက် အဲဒီ ကုန်စည်ကရတဲ့ အကျိုးကျေးဇူး ကို မခံစားရအောင်၊ အကျိုးကျေးဇူး ရဲ့ အပြင်ဖက် ရောက်နေသူ ဖြစ်အောင် လုပ်လို့ မရပါဘူး။ 
            ဒီလို ဖယ်ထုတ်ပစ်လို့ မရနိုင်ခြင်းဟာ အချောင်လိုက်တဲ့ ပြဿနာ free-rider problem ကို ဖြစ်စေပါတယ်။ ပိုနားလည်   အောင် ပြောရရင် ဘုရင်ကြီးက ပြည်သူပြည်သားတွေကို ပြောတယ်.. ဆင်းရဲသားတွေကို   ပေးဝေဖို့ အတွက်   နွားနို့ တစ်ခွက်စီ ယူလာပြီး အိုးအကြီးကြီးထဲ ထည့်ဖို့ ပြောတယ်.. နောက်ဆုံး အိုးကြီးကို ကြည့်လိုက်တော့   ရေတွေဘဲ   ဖြစ်နေတယ်.. လူတွေက ငါမယူလဲ တခြားသူတွေတော့ ယူလာမှာပါလေလို့ တွေးပြီး ရေတွေဘဲ ယူလာကြတာ.. တခြားသူ   တွေယူလာမယ် ဆိုတဲ့ မျှော်လင့်ချက်နဲ့ပေါ့။ အချောင်လိုက်ပြီး တခြားသူတွေအပေါ် လူပေါ်လူဇော် လုပ်တာပေါ့။ ကျောင်း အဆောင် နေတဲ့ ကျောင်းသားကလဲ ကျောင်းအဆောင်ကို သန့်ရှင်းဆေးကြောဖို့ကို တခြားသူတွေ လုပ်မှာဘဲ   မျှော်လင့် ပြီး မလုပ်ဘူး။ လူတွေက ဘာမှ ပေးစရာ မလိုဘဲ ပြည်သူပိုင် ကုန်စည်မှ အကျိုးကျေးဇူးကို အချောင် ရရှိတာပေါ့။ ဒီ free-rider problem ကြောင့် အဲဒီလို အလကား ရတဲ့ ကုန်စည်နဲ့ ဆောင်ရွက်မှု တွေကို ထုတ်လုပ်ဖို့ ဆုံးဖြတ်တဲ့ ပုဂ္ဂလိက လုပ်ငန်းတွေ အတွက် အမြတ်မရရှိ နိုင်တော့ပါဘူး။ ဘာပိုက်ဆံ တစ်ပြားမှ ပေးစရာမလိုဘဲ အကျိုးကို ခံစားနိုင်တဲ့ ကုန်စည်တွေကို လွတ်လပ်တဲ့ ဈေးကွက်မှာ မထုတ်လုပ်တော့ပါဘူး။ 
ဥပမာ  ပြည်သူပိုင် ကုန်စည် အနေနဲ့ အကြမ်းဖက်မှုကို ထိန်းချုပ်ဖို့ ကြိုးပမ်းအားထုတ်တာ ဆိုပါတော့။ ဒီ ကုန်စည်ဟာ ကုန်ကျစရိတ် ထက် အကျိုးအမြတ်က သာလွန်တယ်၊ ထုတ်လုပ်ဖို့ သင့်တော်တယ် ဆိုတာကို ပြည်သူအများစုက သိတယ်။ ဒီ အကြမ်းဖက်မှု ဆန့်ကျင် တွန်းလှန်တာကို အကောင်အထည်ဖော်တာနဲ့ ပြည်သူတွေ အားလုံးက  အကျိုးကျေးဇူး ခံစားရမယ်။ ဘယ် ပြည်သူ တစ်ယောက် ကိုမှ ဒီအကျိုး ကျေးဇူးကို မခံစားရ အောင် ချန်ထားဖို့ နည်းလမ်း မရှိဘူး။ သို့သော်လည်း ဒီ အကျိုးကျေးဇူးကို အမြတ်ရအောင် မရောင်းချ နိုင်တဲ့အတွက် ဘယ်ပုဂ္ဂလိက လုပ်ငန်းကမှ ဒီကုန်စည်ကို ထုတ်မှာမဟုတ်ဘူး။ ဒီပြည်သူပိုင် ကုန်စည်ကို ဘယ်သူကမှ ပိုက်ဆံပေး ဝယ်မှာ မဟုတ်ဘူး။ အကျိုးကျေးဇူး အများကြီး ရသော်လည်း ဈေးကွက် စံနစ်မှာ ပြည်သူပိုင် ကုန်စည်ဟာ လုံလောက်တဲ့ သယံဇာတ သွင်းအားစုတွေကို မျှမျှတတ ခွဲဝေမှု မရှိပါဘူး။ free-rider problem ကြောင့် အစိုးရကသာ ဒီပြည်သူပိုင် ကုန်စည်တွေကို ထုတ်လုပ် ထောက်ပံ့ပေးရပါတယ်။
အစိုးရက ပြည်သူပိုင်ကုန်စည် တွေကို ထောက်ပံ့ပေးတယ်။ ဒါပေမဲ့လဲ လူတိုင်း အကျိုးကျေးဇူး မခံစားရဘဲ တစ်ချို့ ကို ချန်လှပ်ထားနိုင်တဲ့ အခြားသော ကုန်စည်နဲ့ ဆောင်ရွက်မှုတွေကို လဲ ထုတ်လုပ်ပါသေးတယ်။ အဲဒါတွေကတော့ တစ်စိတ်တစ်ပိုင်း ပြည်သူပိုင် ကုန်ပစ္စည်းများ Quasi-Public Goods များဘဲ ဖြစ်ပါတယ်။ ပညာရေး၊ လမ်းများ၊ အမြန်လမ်းမကြီးများ၊ ရဲ၊ မီးသတ်၊ စာကြည့်တိုက်၊ ပြတိုက်၊ ကြိုတင်ကာကွယ်သော ဆေးဝါးများ၊ မိလ္လာသိမ်းဆည်းခြင်း၊ စတာတွေဟာ ထင်ရှားတဲ့ ဥပမာတွေပါဘဲ။ လမ်းကို အသုံးပြုတော့မယ်ဆိုရင် လူတိုင်းသုံးလို့မရဘူး။ မော်တော်ကားလိုင်စင် ရှိရမယ်။ နောက်ပြီး လမ်းကို ကိုယ်က သုံးလိုက်တာနဲ့  ကိုယ်သုံးတဲ့ အစိတ်အပိုင်းကို အခြားသူ တွေက အတိုင်းအတာ တစ်ခုအထိ သုံးလို့ မရတော့ဘူး။ ဒီ  Quasi-Public Goods အားလုံးအတွက် ပိုက်ဆံပေး ရပါတယ်။ ဈေးကွက်စံနစ်မှ ပုဂ္ဂလိက လုပ်ငန်းတွေက Quasi-Public Goods တွေကို ထုတ်လုပ်ပေးပါတယ်။ ဒါပေမဲ့ အဲဒီ ကုန်စည် အားလုံးမှာ ကြီးမားတဲ့ အပေါင်းလက္ခဏာ အကျိုးဆက်ကရှိနေတော့ ဈေးကွက်စံနစ်မှာ နည်းနည်းဘဲ ထုတ်လုပ် ပါတယ်။ ဒါကြောင့် တစ်စိတ်တစ်ပိုင်း ပြည်သူပိုင် ကုန်စည်တွေအပေါ် သယံဇာတ ရင်းမြစ်တွေကို နိမ့်ကျစွာ ခွဲဝေခြင်း မှ ရှောင်ရှားဖို့ အစိုးရကဘဲ အဲဒီကုန်စည်တွေကို ထုတ်လုပ်လေ့ရှိပါတယ်။ 
ပြည်သူပိုင် ကုန်ပစ္စည်းတွေကြောင့် free-rider problem ဖြစ်တယ်.. free-rider problem ကြောင့် သယံဇာတ သွင်းအားစုတွေ မညီမမျှ ခွဲဝေမှု ဖြစ်ပြီး ဈေးကွက် ပျက်ယွင်းမှု ဖြစ်တယ်။ အဲဒီ ပြဿနာကို ဘယ်လို ဖြေရှင်းမလဲ..။
အစိုးရက ပြည်သူပိုင် ကုန်စည်များကို ပံ့ပိုးပေးရတဲ့အတွက် အခွန်အတုပ် ကောက်ခံ ပါတယ်။ တကယ်လို့ စီးပွားရေး အဆောက်အအုံက သယံဇာတ သွင်းအားစုတွေ အားလုံးကို အပြည့်အဝ အသုံးပြု (fully employed) နေတယ် ဆိုရင် အစိုးရက ပုဂ္ဂလိက ကုန်စည် ထုတ်လုပ်မှုမှာ သုံးစွဲနေတဲ့ သယံဇာတ သွင်းအားစုများကို ပြည်သူပိုင်နဲ့  တစ်စိတ်တစ်ပိုင်း ပြည်သူပိုင် ကုန်စည်များ ထုတ်လုပ်တဲ့ဘက် ကို ရရှိနိုင်အောင် ပြုလုပ်ရပါတယ်။ ဘယ်လို လုပ်သလဲ ဆိုတော့ ဒီ သယံဇာတ သွင်းအားစုများ အတွက် ပုဂ္ဂလိက ဝယ်လိုအားကို လျော့အောင် လုပ်ပါတယ်.. အိမ်ထောင်စုနဲ့ စီးပွားရေး လုပ်ငန်းများရဲ့ ဝင်ငွေပေါ်မှာ အခွန်စည်းကြပ် နိုင်ပါတယ်..  အခွန်စည်းကြပ်တော့ ဝင်ငွေက နည်းသွားတယ်။ ဝင်ငွေနည်းတော့ ဝယ်ယူ နိုင်စွမ်းအား နိမ့်ပြီး အိမ်ထောင်စုတွေနဲ့ လုပ်ငန်းတွေဟာ စားသုံးမှုနဲ့ ရင်းနှီး မြှုပ်နှံမှုကို လျှော့ရပါတယ်။ အကျိုးဆက် အနေနဲ့ ကုန်စည်နဲ့ ဆောင်ရွက်မှု အတွက် ပုဂ္ဂလိက ဝယ်လိုအား ကျဆင်းသွားပါတယ်။ အဲဒီတော့ ပုဂ္ဂလိက ကုန်စည်တွေ အတွက် သယံဇာတ သွင်းအားစု ဝယ်လိုအားလဲ ကျဆင်းသွားပါတယ်။ အခွန်ငွေတွေသည် ပုဂ္ဂလိက သုံးစွဲမှုဆီမှ သယံဇာတ သွင်းအားစုတွေကို ဖယ်ထုတ် လိုက်ပြီး  ပုဂ္ဂလိက ဝယ်ယူသုံးစွဲသူများဆီက ဝယ်ယူနိုင်စွမ်းအားကို အစိုးရဆီကို လွှဲပြောင်း ပေးလိုက်ပါတယ်။ 
အစိုးရက အခွန်ရငွေတွေကို Public Goods နဲ့ Quasi-Public Goods များကို ထောက်ပံ့ဖို့အတွက် သုံးစွဲပါတယ်။ အခွန်အတုပ် စည်းကြပ်လိုက်ခြင်းသည် ပုဂ္ဂလိက စားသုံး ကုန်စည် တွေဖြစ်တဲ့ အစားအစာ၊ အဝတ်အထည်၊ တယ်လီဗွီးရှင်း စတာ တွေကို ထုတ်လုပ်ခြင်း အတွက် သုံးတဲ့ သယံဇာတ သွင်းအားစု တွေနဲ့ ပုဂ္ဂလိက ရင်းနှီးမှု ကုန်စည်တွေ ဖြစ်တဲ့ စာပုံနှိပ်စက်တို့၊ ကုန်တင် ရထားတွဲတို့၊ ကုန်ပစ္စည်း သိုလှောင်ရုံ တို့ စတာတွေကို ထုတ်လုပ်ခြင်း အတွက် သုံးတဲ့ သယံဇာတ သွင်းအားစုတွေကို Public Goodsနဲ့ Quasi-Public Goods များ ဖြစ်တဲ့ ကြေးနန်း စာတိုက်၊ ရေတပ် ရေငုပ် သင်္ဘော၊ ပန်းခြံ ဥယျာဉ် စတာ တွေဆီကို ပို့လိုက်ပါတယ်။ အဲဒီတော့ စီးပွားရေး အဆောက်အအုံရဲ့ စုစုပေါင်း ကုန်ထွက်ထဲမှာ ပါဝင် ဖွဲ့ စည်းမှုတွေ ပြောင်းလဲ သွားပါတယ်။
လမ်းဘေးမှာ တီးခတ် ဖျော်ဖြေပြီး ငွေရှာသူတွေ အကြောင်း စဉ်းစားကြည့်ရအောင်….။
မြို့ ကြီးတွေရဲ့ နိုင်ငံခြားသား ဧည့်သည်တွေ သွားလေ့ရှိတဲ့ နေရာတွေမှာ လမ်းဘေး တီးမှုတ် ဖျော်ဖြေသူ တွေကို တွေ့ရ မှာပါ။ တစ်ချို့ က ပါရမီ ထူးချွန်ပြီး တီထွင်နိုင်ကြသလို တစ်ချို့ကျတော့လဲ လေ့ကျင့်ဆဲ အဆင့်ပါဘဲ။ ဒါပေမဲ့ ပါရမီ ရှိတာ၊ မရှိတာ အသာထား.. ဒီ လမ်းဘေး တီးမှုတ်သူတွေက ပြည်သူပိုင် ကုန်စည်တွေကို အလကား အချောင် သုံးစွဲတဲ့ ပြဿနာ free-rider problem ကို ထင်ဟပ် ပြနေပါတယ်.. လမ်းဘေး တီးမှုတ်သူ အများစုဟာ သူတို့ရဲ့ စားဝတ်နေရေး အတွက် ဝင်ငွေရှာရ တာ တော်တော် ခက်ပါတယ်။ ဘာလို့လဲ ဆိုတော့ သူတို့ရဲ တီးခတ် ဖျော်ဖြေမှုကို ပိုက်ဆံ မပေးတဲ့ ကြည့်ရှုသူ ပရိတ်သတ် တွေကို ချန်လှပ် ဖယ်ထုတ်ထားလို့ မရလို့ပါ။ တစ်ချို့ကလဲ ပိုက်ဆံပေးတယ်။ အများစုကတော့ မပေးကြဘူးပေါ့။ သူတို့က ပြည်သူပိုင် ကုန်စည် ကို ထောက်ပံ့ပေးသူ နဲ့ တူပါတယ်။ စေတနာနဲ့ ပေးကြသူတွေ ပေါ်ကိုဘဲ အားထားနေရတာ..။
လမ်းဘေး တီးခတ် ဖျော်ဖြေသူ တွေက free-rider problem ကို သေသေချာချာကြီးကို သတိပြုမိကြတယ်..။ အဲဒီတော့ တစ်ချို့က ဒီပြဿနာကို လျော့နည်းသွားအောင် နည်းလမ်း တီထွင်ကြတယ်။ ဥပမာအားဖြင့် တစ်ချို့ ဖျော်ဖြေသူ တွေက သူတို့ရဲ့ ဖျော်ဖြေမှုမှာ ကြည့်ရှုတဲ့ ပရိတ်သတ်ကိုပါ တိုက်ရိုက်ပါဝင် စေတာမျိုးပေါ့။  ဒီလို လုပ်တာဟာ ပရိတ်သတ်ရဲ့ အာရုံစိုက်မှုကို ပိုရပြီး ဖျော်ဖြေမှု အပြီးမှာ ပရိတ်သတ်က ပိုက်ဆံတွေ ပိုပေးကြတာပေါ့။ 
free-rider problem ကို လျော့နည်းစေတဲ့ နောက်တစ်နည်း ကတော့ ဖျော်ဖြေမှု တစ်ခုစီအတွက် ပိုက်ဆံ ပေးရတာ မျိုးပေါ့။ ဥပမာအားဖြင့် လမ်းဘေး ဖျော်ဖြေသူက သူ့ကိုယ်သူ ရုပ်ထု တစ်ခု ပုံစံမျိုး ဆင်ယင်ပြီး ရပ်နေတာပေါ့။ လူတွေ ပိုက်ဆံ ထည့်လိုက်ရင် နည်းနည်းလေး လှုပ်တာ၊ ရွှေ့တာ ပေါ့။ ပိုက်ဆံ များများထည့်ရင် ပိုပြီး လှုပ်ရှားပြတာ မျိုးပေါ့။ ဒါပေမဲ့လဲ ဒီ လူသား ရုပ်ထု တွေလဲ free-rider problem ကို ဆက်လက် ရင်ဆိုင် နေရတာပါဘဲ။ ပိုက်ဆံ မပေးတဲ့သူ တွေကလဲ ဖျော်ဖြေမှုကို ကြည့် ကြတာဘဲလေ။ 
တစ်ခါတစ်ခါမှာ လက်လီ ဈေးဆိုင်တွေက ဒီ လမ်းဘေး ဖျော်ဖြေသူ တွေကို ဌားရမ်းပြီး ဖျော်ဖြေ ခိုင်းတဲ့အခါမှာ လမ်းဘေး ပွဲတော်လေး လို စည်ကားသွားတတ်ပါတယ်..။ ဒီလို အလွတ် အလကား ဖျော်ဖြေမှုဟာ ဈေးဝယ်သူ အများအပြားကို ဆွဲဆောင် နေပါတယ်..။ သူတို့က ပွဲကြည့်ရင်းနဲ့ အနီးအနား ဆိုင်တွေဆီက ဝယ်ကြ၊ ခြမ်းကြပေါ့..။ ဒီနေရာမှာ လက်လီဈေးဆိုင်  တွေက လမ်းဘေး ဖျော်ဖြေသူ တွေကို ပိုက်ဆံ ပေးပါတယ်..။

ကိုးကားစာရင်း
B. Taylor. “Negative Externality.” economics.fundamentalfinance.com. N.p, 2006. Web. 22 July 2012.
B. Taylor. “Positive Externality.” economics.fundamentalfinance.com. N.p, 2006. Web. 22 July 2012.
Free rider problem.” Wikipedia. The free encyclopedia, 2012. Web. 22 July 2012.
McConnell, Brue, Flynn. Economics: Principles, Problems, and Policies. New York: McGraw_Hill, 2009. Print.
Tejvan Pettinger. “Market Failure.” Economicshelp.org.Tejvan Pettinger, 2012. Web. 22 July 2012.

ဖြူ ဖြူ

No comments:

Post a Comment