ရင်တွင်းစကား

မိမိ သိသမျှသော Economics နှင့် ပတ်သက်သည့် သင်ခန်းစာ ဆောင်းပါးများ၊ Accounting, Finance နှင့်ပတ်သက်သည့် သင်ခန်းစာ ဆောင်းပါးများကို စေတနာသန့်သန့်ဖြင့် ဝေမျှထားပါသည်။ စာရေးသူသည် သိပ်တော်၊ သိပ်တတ်နေတဲ့ ပညာရှင် တစ်ယောက် လုံးဝ မဟုတ်ပါ။ ဒါကြောင့် အမှားများပါလျှင် ခွင့်လွှတ်ကြပါလို့ ….

ဖြူ ဖြူ

Friday, July 27, 2012

ကာလရှည်ငွေချေးစာချုပ် ကို လျှော့ဈေး (Discount) ဖြင့်ရောင်းခြင်း



ပထမ ဆောင်းပါးမှာBonds ကို ထုတ်ဝေတဲ့ အခါ Bonds စာမျက်နှာပေါ်က face value အတိုင်း ထုတ်တာ၊ face value ထက် လျှော့ထုတ်တာ (discount)၊ face value ထက် ပိုထုတ်တာ (premium) ဆိုပြီး ၃ မျိုးရှိကြောင်း၊ စာချုပ်ပါအတိုးနှုန်း contractural interest rate က ဈေးကွက် အတိုးနှုန်းနဲ့ တူရင် face value နဲ့ ရောင်းကြောင်း၊ စာချုပ်ပါ အတိုးနှုန်းက  ဈေးကွက်အတိုးနှုန်းထက် နိမ့်နေရင် face value ထက်နိမ့်တဲ့ discount နဲ့ရောင်းကြောင်း၊ စာချုပ်ပါ အတိုးနှုန်းက ဈေးကွက် အတိုးနှုန်းထက် မြင့်နေရင် face value ထက်မြင့်တဲ့ premium နဲ့ ရောင်းကြောင်း ဖော်ပြခဲ့ပါတယ်။ 



 ဥပမာအားဖြင့် ကုမ္ပဏီတစ်ခုက Bonds ကို ထုတ်တဲ့အခါမှာ face value ကျပ် ၁၀,၀၀၀ နဲ့ စာချုပ်ပါ အတိုးနှုန်း ၁၀% နဲ့ ထုတ်တယ်ဆိုပါတော့။ အဲဒီအချိန်မှာ ဈေးကွက်အတိုးနှုန်းက ၁၂% ဖြစ်နေရင် အဲဒီ ကုမ္ပဏီက ထုတ်တဲ့ Bonds ကို ဘယ်သူက စိတ်ဝင်စားမှာလဲ။ အဲဒီတော့ အဲဒီ Bonds တွေရဲ့တန်ဖိုးက face value ထက်လျော့သွားပါတယ်။ face value နဲ့ လျှော့ရောင်းတဲ့ဈေး ကြားက ခြားနားချက်ကို discount လို့ခေါ်တယ်။ ၂၀၁၂ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့ မှာ ၅ နှစ်၊ ကျပ် ၁၀,၀၀၀ တန် Bonds အရွက် ၁၀၀၊ အတိုးနှုန်း ၁၀%ကို quoted price ၉၈ နဲ့ထုတ်တယ်။ Bonds ရဲ့ face value က ကျပ် ၁,၀၀၀,၀၀၀ (ကျပ် ၁၀,၀၀၀ × ရွက်ရေ ၁၀၀) ဖြစ်တယ်။ Bonds ကို ရောင်းတဲ့ဈေးက ကျပ် ၉၈၀,၀၀၀ (ကျပ် ၁,၀၀၀,၀၀၀× ၉၈%) ဖြစ်တယ်။ ဒီတော့ discount က ကျပ် ၂၀,၀၀၀ (၁,၀၀၀,၀၀၀ - ၉၈၀,၀၀၀) ဖြစ်ပါတယ်။

အဲဒီတော့ Bonds ကို ရောင်းသူက ငွေသားရလိုက်တာ ကျပ် ၉၈၀,၀၀၀၊ လျှော့ပေးလိုက်ရတာက ကျပ် ၂၀,၀၀၀၊ Bonds သက်တမ်း ၅ နှစ် ပြည့်ချိန်မှာ ပြန်ပေးရမှာက ကျပ် ၁,၀၀၀,၀၀၀ ဖြစ်ပါတယ်။ ဂျာနယ်စာရင်းသွင်းချက်က ဒီလိုပါ။
 ဒီနေရာမှာ Discount on Bonds Payable က မြီစားမှာ သွင်းထားပေမဲ့ သူက ရပိုင်ခွင့် မဟုတ်ပါဘူး။ ပေးရန်တာဝန်ရဲ့ ဆန့်ကျင်ဘက် (contra liability account) စာရင်းသွင်းချက်တစ်ခုပါ။ လက်ကျန်ရှင်းတမ်းပေါ်မှာ သူ့ကို Bonds ပေးရန်တာဝန်  (Bonds Payable) တန်ဘိုးထဲကနေ နုတ်ရပါတယ်။ ဘာဖြစ်လို့ နုတ်ရတာလဲ ဆိုရင် ကျပ် ၂၀,၀၀၀ ဟာ ကုမ္ပဏီက လျှော့ပေး လိုက်ရတဲ့အတွက် ကုမ္ပဏီက ပေးလိုက်ရတဲ့ သဘောပါဘဲ။ တကယ့် due date ရောက်ရင် ကုမ္ပဏီက ကျပ် ၁,၀၀၀,၀၀၀ အပြည့်ပြန်ပေးရမှာလေ။ အောက်မှာ လက်ကျန်ရှင်းတမ်းမှာ ပေါ်တဲ့ ပုံစံကို နမူနာ ပြထားပါတယ်။ ဒါက amortization မလုပ်ခင် ပုံစံပေါ့။
 ကျပ် ၉၈၀,၀၀၀ ကို carrying value သို့မဟုတ် book value လို့ခေါ်ပါတယ်။ Bonds ကို ထုတ်လိုက်တဲ့နေ့မှာ ဒီ ကျပ် ၉၈၀,၀၀၀ ဟာ ဈေးကွက်ပေါက်ဈေးဘဲ ဖြစ်ပါတယ်။ အခုလို face value ထက် လျှော့ရောင်းတာဟာ စုစုပေါင်း ငွေချေးဌား စရိတ် (Total cost of borrowing) နဲ့ တကယ်ပေးလိုက်ရတဲ့ အတိုး မတူဘဲ ခြားနားခြင်းကို ဖြစ်စေပါတယ်။ စုစုပေါင်း ငွေချေးဌား စရိတ် ဆိုတာဟာ  ငွေချေးလို့ ပေးရတဲ့ အတိုးကို ပြောတာပါ။ ဘာကြောင့်မတူလဲ ဆိုတော့ Bonds ကို discount နဲ့ ရောင်းလို့ ဘဲ ဖြစ်ပါတယ်။ အဲဒီ လျှော့ပေးလိုက်ရတဲ့ ကျပ် ၂၀,၀၀၀ ကိုပါ တကယ်ပေးရတဲ့ အတိုးထဲ ထည့်ပေါင်း ရပါတယ်။ အဲဒီတော့မှသာ စုစုပေါင်း ငွေချေးဌားစရိတ် အမှန်ကို ရပါတယ်။ ဥပမာကို ကြည့်ပါ။ ပိုရှင်းအောင် အတိုးကို တစ်နှစ်စာ တွက်ထားပါတယ်။ ပထမ ဆောင်းပါးမှာက ပုံမှန်အတိုင်း အတိုးကို ၆ လစာ တွက်ထားပါတယ်။ ရှုပ်မကုန်နဲ့ ဦးနော်။
နှစ်စဉ် အတိုးပေးရငွေက ကျပ်၁,၀၀၀,၀၀၀×၁၀%= ကျပ် ၁၀၀,၀၀၀
၅ နှစ်စာ အတိုး = ကျပ်၁၀၀,၀၀၀×၅= ကျပ် ၅၀၀,၀၀၀
ပေးလိုက်တဲ့ လျှော့ငွေ= ကျပ် ၂၀,၀၀၀
စုစုပေါင်း ငွေချေးဌားစရိတ်က ကျပ်၅၀၀,၀၀၀+ကျပ်၂၀,၀၀၀= ကျပ် ၅၂၀,၀၀၀ ဖြစ်ပါတယ်။

ပိုရှင်းအောင် နောက်တစ်နည်းနဲ့ တွက်ပြပါမယ်။

  
       ကုမ္ပဏီက လျှော့ပေးလိုက်ရတဲ့ ကျပ် ၂၀,၀၀၀ ကို အတိုးစရိတ်ငွေ (Interest Expense) အဖြစ်နဲ့ Bonds သက်တမ်း တစ်လျှောက်လုံး ဖြန့် ပြီး ခွဲဝေလိုက်ပါတယ်။ ဒီကျပ် ၂၀,၀၀၀ ကို ၅ နှစ်စာအတွက် ဖြန့်ပြီး အတိုးစရိတ်အဖြစ် မှတ်တမ်း တင်ရပါတယ်။ ဒီလိုလုပ်တာကို Amortizing the discount လို့ခေါ်ပါတယ်။ လျှော့ငွေကို Amortize လုပ်လိုက်တာဟာ နှစ်စဉ် Interest Expense ပမာဏတိုးလာပါတယ်။ ထပ်ရှင်းအောင် ပြောရရင် ကျပ် ၂၀,၀၀၀ ကို ၅နှစ်နဲ့စားလိုက်တော့ တစ်နှစ်စာ ကျပ် ၄,၀၀၀ ရပါတယ်။ အဲဒါကို နှစ်စဉ် Interest Expense ထဲထည့်ပေါင်းပေးရတာပါ။ ပုံမှန်အတိုင်းရှိတဲ့ ဘဏ္ဍာနှစ် အကုန် စာရင်းညှိနှိုင်း စာရင်းသွင်းတာနဲ့ ယှဉ်ကြည့်ပါ။

 ဘဏ္ဍာနှစ် အကုန် Amortizing လုပ်ပြီးနောက် စာရင်းညှိနှိုင်း စာရင်းသွင်းတာက ဒီလိုပါ။

  တကယ်ပေးရတဲ့ အတိုးကတော့ ၁ နှစ်စာအတွက် ကျပ် ၁၀၀,၀၀၀ ပါ။ ဒါပေမဲ့ ကုမ္ပဏီက face value အပြည့် မရဘူးလေ။ လျှော့ပေးလိုက်ရတဲ့ တစ်နှစ်စာ ကျပ် ၄,၀၀၀ ကိုပါ အတိုးအဖြစ် သတ်မှတ်ပြီး နှစ်ချုပ်မပိတ်ခင် စာရင်းညှိမှာ amortization အဖြစ် စာရင်းမှတ်တမ်း တင်ဖြစ်အောင် တင်ရပါတယ်။ Bond Interest Payable ကို လက်ကျန်ရှင်းတမ်းက လက်ငင်း   ပေးရန်တာဝန်အောက်မှာ ပြရပါတယ်။ Discount on bonds payable ကတော့ လက်ကျန်ရှင်းတမ်း၊ ကာလရှည်   ပေးရန် တာဝန်အောက်က Bonds Payable တန်ဘိုး ကျပ် ၁,၀၀၀,၀၀၀ ထဲက နုတ်ရပါတယ်။ အဲလို နုတ်တဲ့နေရာမှာ တစ်နှစ် ကာလ အတွက် amortize လုပ်ပြီး ပမာဏ ကျပ် ၄,၀၀၀ ကို စုစုပေါင်း Discount on bonds payable ပမာဏ ကျပ် ၂၀,၀၀၀ ထဲက နုတ်ပြီး ကျန်တဲ့ ကျပ် ၁၆,၀၀၀ ကိုမှ Bonds Payable ကျပ် ၁,၀၀၀,၀၀၀ ထဲက နုတ်ရပါတယ်။ သဘောကတော့ တစ်နှစ်စာ amortize လုပ်ပြီးတာကို ဖယ်လိုက်ပြီးမှ Bonds ရဲ့ book value ရအောင် တွက်ရတာပါ။ နုတ်တဲ့ တန်ဘိုးက လျော့ သွားတော့ carrying value သို့မဟုတ် book value တက်လာပါတယ်။ ကျပ်၂၀,၀၀၀ မှ ကျပ်၎,၀၀၀ နုတ်ပြီး ကျန်ငွေ ကျပ် ၁၆,၀၀၀ ကို  ကျန်သည့် ၄ နှစ်မှာ amortize လုပ်ရန် ရှိပါတယ်။ Bonds ရဲ့ book value ကတက်လာလိုက်တာ သက်တမ်း ၅ နှစ်လဲ စေ့ရော နဂို face value တန်ဘိုး ကျပ် ၁,၀၀၀,၀၀၀ နဲ့ ညီသွားပါတော့တယ်။ ၂၀၁၃ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့ လက်ကျန်ရှင်းတမ်းမှာ ဘယ်လို ပေါ်သလဲ ကြည့်ကြရအောင်။ 

              လက်ကျန်ရှင်းတမ်းမှာ ကျပ် ၉၈၄,၀၀၀ သည် Bonds ရဲ့ carrying value သို့မဟုတ် Book value ဘဲ ဖြစ်ပါတယ်။ နောက်နှစ် ၂၀၁၄ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့မှာ နုတ်ရမဲ့ ပမာဏသည် ကျပ် ၁၂,၀၀၀ ဖြစ်ပြီး Bonds ရဲ့ book value ကတော့ ကျပ် ၉၈၈,၀၀၀ (၁,၀၀၀,၀၀၀ - ၁၂,၀၀၀) ဖြစ်ပါမယ်။
             အခု ၂၀၁၃ ဧပြီလ ၁ ရက်နေ့ ကို ရောက်ပါပြီ။ အတိုးတကယ်ပေးပါပြီ။ ဂျာနယ်စာရင်းသွင်းတာကို ကြည့်ပါ။ Bond အတိုး   ပေးရန်ရှိက လျော့သွားပါတယ်။ အတိုးကို ငွေသားနဲ့ ပေးလိုက်ရလို့ ငွေသားလဲ လျော့သွားပါတယ်။ 
 Bonds သက်တမ်းစေ့လို့ ဂျာနယ် စာရင်းသွင်းတာကတော့ ရှင်းပါတယ်။ Bonds ပေးရန်ရှိ လျော့တယ်။   ငွေသားလဲ လျော့သွားတယ်။

  Bonds ကို တက်ဈေး (Premium) နဲ့ ရောင်းတဲ့ အခါမှာ စာရင်းရေးသွင်းချက်မျာကို နောက်တစ်ခါမှာ ထပ်မံရေးသား ပါမည်။ ဖတ်ရှု အကျိုးများပါစေ။

(Kimmel, Weygandt, Kieso တို့ရေးသားသော Accounting, Tools for Business Decision Making ၊ 4th Edition မှ ထုတ်နှုတ်၍ ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။)

ဖြူ ဖြူ

No comments:

Post a Comment