ရင်တွင်းစကား

မိမိ သိသမျှသော Economics နှင့် ပတ်သက်သည့် သင်ခန်းစာ ဆောင်းပါးများ၊ Accounting, Finance နှင့်ပတ်သက်သည့် သင်ခန်းစာ ဆောင်းပါးများကို စေတနာသန့်သန့်ဖြင့် ဝေမျှထားပါသည်။ စာရေးသူသည် သိပ်တော်၊ သိပ်တတ်နေတဲ့ ပညာရှင် တစ်ယောက် လုံးဝ မဟုတ်ပါ။ ဒါကြောင့် အမှားများပါလျှင် ခွင့်လွှတ်ကြပါလို့ ….

ဖြူ ဖြူ

Thursday, July 19, 2012

ငွေကြေးပမာဏရဲ့ နောက်ခံကဘာလဲ?


ငွေကြေးပမာဏရဲဓိကအစိတ်အပိုင်းဖြစ်တဲ့ ငွေစက္ကူ၊ ငွေအကြွေများနဲ့ စာရင်းရှင် အပ်ငွေ checkable deposits များသည်   ပေးချေဖို့ ကြွေးမြီတွေဘဲ   ဖြစ်ပါ တယ်။ ဘယ်လို ကြွေးမြီတွေလဲ ဆိုတော့ ငွေစက္ကူတွေက ဗဟိုဘဏ်ရဲ့ လည်ပတ်နေ တဲ့ ကြွေးမြီတွေ၊ စာရင်းရှင် အပ်ငွေ တွေကတော့ ကူးသန်းရောင်းဝယ်ရေးဘဏ်တွေ နဲ့ ငွေစုငွေချေး အသင်းတွေရဲ  ကြွေးမြီတွေဘဲ ဖြစ်ပါတယ်..။ ငွေစက္ကူနဲ့ စာရင်းရှင် အပ်ငွေ (စာရင်းရှင် အပ်ငွေဆိုတာ တနည်းပြောရရင် ချက်လက်မှတ်ရေးပြီး ထုတ်ယူ   နိုင်တဲ့ငွေ) တွေမှာ သူတို့ကို ပြုလုပ်တဲ့ ကုန်ကျ စရိတ် (intrinsic value) မရှိဘူးလို့ ယူဆထားပါတယ်..။ 





၁၀၀တန်ငွေစက္ကူဆိုတာ စက္ကူတစ်ရွက်သာဖြစ်ပါတယ်။ စာရင်းရှင်အပ်ငွေ checkable deposit ကလဲ  နှစ်ဖက်စာရင်းသွင်းစံနစ်ရဲ့ စာရင်းရေးသွင်းချက် bookkeeping entry တစ်ခုမျှသာပါဘဲ။ ငွေအကြွေတွေဟာလဲ သူတို့ရဲ့ face value ဟာ သူတို့ကို သွန်းလောင်းတဲ့ စရိတ်ထက် ကြီးရမှာဘဲဖြစ်ပါတယ်။ ကိုင်ထားတဲ့ ငွေစက္ကူတစ်ရွက်ကို ထိကိုင်လို့ရတဲ့ အရာဝတ္ထုတစ်ခု ဥပမာအားဖြင့်- ရွှေ နဲ့ အစိုးရက လဲလှယ် အမ်းထုတ်ပေးမှာ မဟုတ်ပါဘူး။ လူအများ အတွက်တော့ ငွေစက္ကူတွေရဲ့နောက်မှာ ကိုင်တွယ်လို့ရတဲ့ ပစ္စည်းတစ်ခုခုနဲ့ ဘာနောက်ခံမှ မထားထားတဲ့အချက်ဟာ မလုံခြုံဘူး၊ စိတ်မချရဘူးလို့ ထင်ချင်စရာပါဘဲ။ ဒါပေမဲ့ ဘာလို့ အဲလို နောက်ခံမထားရသလဲ ဆိုတာအတွက် အကြောင်းပြ ချက် ကောင်းကောင်းရှိပါတယ်။ တကယ်လို့သာ အစိုးရက currency အနောက်မှာ ရွှေကဲ့သို့ ထိကိုင်လို့ရတဲ့ အရာဝတ္ထု ပစ္စည်းတစ်ခုခုကို နောက်ခံထားလိုက်ရင် money supply သည် ရွှေဘယ်လောက်ရနိုင်သလဲ ဆိုတာပေါ် မူတည်ပြီး   ပြောင်းလဲ မှာ ဖြစ်တယ်။ money supply နောက်မှာ ဘာနောက်ခံမှ မထားခြင်းအားဖြင့် အစိုးရသည် အဲဒီကန့်သတ်ချက် ကို ရှောင်ရှားနိုင်ပြီး လွတ်လပ်မှုကို ရရှိမှာဘဲဖြစ်ပါတယ်။ လွတ်လပ်မှုဆိုတာ တိုင်းပြည်ရဲ့စီးပွားရေးဆိုင်ရာ လိုအပ်ချက်နဲ့ အကိုက်ညီဆုံးဖြစ်တဲ့   ငွေကြေးရဲ့ တန်ဘိုးကို ထိန်းသိမ်းထားဖို့ လိုအပ်တဲ့ ငွေကြေးပမာဏ အနည်းအများကို   ပြုလုပ်နိုင်တာ ဘဲဖြစ်ပါတယ်။ တနည်း အားဖြင့် အစိုးရဟာ တိုင်းပြည်ရဲ့   ငွေကြေး ပမာဏကို လွတ်လွတ်လပ်လပ်နဲ့ လိုအပ်သလို စီမံခန့်ခွဲနိုင်တဲ့ စွမ်းရည်ကို ရရှိတာ ဘဲဖြစ်ပါတယ်။ ငွေကြေးဆိုင်ရာမူဝါဒ monetary policy ကို ချမှတ်တဲ့ ငွေကြေး အာဏာပိုင်များအနေနဲ့ တိုင်းပြည်ရဲ့ သယံဇာတ တွေကို အပြည့်အဝ အသုံးချတဲ့အခြေအနေ full employment၊ ဈေးနှုန်းအဆင့် တည်ငြိမ်မှု price-level stability နဲ့ စီးပွားရေး တိုးတက်မှုနှုန်း economic growth တွေကို မြှင့်တင်ပေးနိုင်တဲ့ လုပ်ငန်းလုပ်ဆောင်ချက်များအတွက် လိုအပ်တဲ့   ငွေကြေးပမာဏ ကို ထုတ်ဖို့ ကြိုးပမ်းကြရ ပါတယ်။ 
ယနေ့ စီးပွားရေးပညာရှင်များက ငွေကြေးပမာဏကို ရွှေသို့မဟုတ် အခြားတန်ဘိုးရှိ ကုန်စည်တစ်ခုခုနဲ့ ချိတ်ဆက်ထား တာထက် ဒီအတိုင်းဘဲ စီမံခန့်ခွဲတာက ပိုပြီး အဓိပ္ပါယ်ရှိတယ်လို့ သဘောတူညီကြတယ်..။ ဥပမာ- money supply နောက်ခံ အဖြစ် ရွှေကို သုံးထားတယ်ဆိုရင် ရွှေနဲ့ ငွေကြေးဟာ အပြန်အလှန် လဲလှယ် အမ်းထုတ်လို့ရတယ်။ အဲဒီအခါမှာ တိုင်းပြည်မှာ   ရွှေတွေတူးဖော် ရလို့ ရွှေပမာဏအများကြီး တိုးတက်လာရင် ငွေကြေးပမာဏကလဲ မြန်မြန်ဆန်ဆန် တိုးလာမယ်။   ငွေဖောင်းပွမှု ကလဲ မြန်မြန်ဆန်ဆန် စဖြစ်လာမယ်။ ဒါမှမဟုတ် ရွှေထုတ်လုပ်မှု ကြာရှည်စွာ ကျဆင်းလာရင်လဲ money supply လဲ ကျဆင်း မယ်။ အဲဒါဆိုရင် စီးပွားရေးကျဆင်းမှု recession နဲ့ အလုပ်လက်မဲ့ unemployment ပြဿနာကိုရင်ဆိုင်ရမှာ ဖြစ်တယ်။ တိုတိုပြောရရင် လူတွေဟာ ငွေစက္ကူကို ရွှေပမာဏတစ်ခုခု သို့မဟုတ် အခြားတန်ဘိုးရှိ ကုန်စည်တစ်ခုခုအဖြစ်သို့ မပြောင်း လဲနိုင်ရဘူး။ ငွေကြေးကို ငွေကြေးနဲ့ဘဲ လဲလို့ရတယ်။ အစိုးရကို ကိုယ့်ရဲ့ ၁၀၀ တန်ငွေစက္ကူတစ်ရွက်အတွက် အမ်းထုတ် ဖို့ တောင်းဆိုရင် နောက်ထပ် နံပါတ်စဉ်မတူတဲ့ ၁၀၀ တန် ငွေစက္ကူတစ်ရွက်ကိုဘဲ ထုတ်ပေးမှာ ဖြစ်ပါတယ်။ ဒါဟာ ရနိုင်တာ အကုန်ပါဘဲ။ အလားတူစွာ checkable deposits တွေကိုလဲ ရွှေ သို့မဟုတ် အခြား ကိုင်တွယ်လို့ရတဲ့ အရာတစ်ခုခုနဲ့ အမ်းမထုတ်နိုင်ပါဘူး။ ငွေစက္ကူနဲ့သာ အမ်းထုတ်လဲလှယ်လို့ ရပါတယ်။ ငွေကြေးပမာဏရဲ့နောက်မှာ ဘာရှိသလဲ ဆိုတော့ ငွေကြေးတန်ဘိုးကို တည်ငြိမ်အောင် ထိန်းသိမ်းထားတဲ့ အစိုးရရဲ့ စွမ်းရည်ဘဲရှိပါတယ်။ 

Value of Money


     ၁၀၀ တန်ငွေစက္ကူတစ်ရွက် သို့မဟုတ် ငွေ ၁,၀၀၀ စာရင်းရှင်အပ်ငွေ စာရင်းသွင်းချက်တစ်ခု စတာတွေက ဘာဖြစ်လို့   ငွေကြေးဖြစ်ရတာလဲ..။ သူတို့က ဘာတန်ဘိုးကို ပေးသလဲ။ ဒီမေးခွန်းတွေကို ဖြေဖို့အတွက် အပိုင်း (၃) ပိုင်းရှိပါတယ်..။

(၁) လက်ခံနိုင်မှု Acceptability

  
     currency နဲ့ checkable deposits တွေ ငွေကြေးဖြစ်ရတာဟာ သူတို့ကို လူတွေက ငွေအဖြစ်လက်ခံလို့ပါဘဲ။ currency နဲ့ checkable deposits တွေဟာ ငွေကြေးရဲ့ အခြေခံလုပ်ဆောင်ချက်ကို ဆောင်ရွက်ပေးပါတယ်.. သူတို့ကို ကြားခံဖလှယ်ရေး ကိရိယာအဖြစ် လက်ခံကြတယ်.. ငွေစက္ကူကို သုံးတဲ့အခါမှာ ကုန်စည်၊ ဆောင်ရွက်မှုနဲ့ သယံဇာတရင်းမြစ်တွေ အတွက် လဲလှယ် လို့ရတယ်လို့ ယုံကြည်ကြ တဲ့အတွက် ငွေစက္ကူကို လဲလှယ်စရာအဖြစ် လက်ခံကြပါတယ်။ 

(၂) နိုင်ငံ၏တရားဝင်အသိအမှတ်ပြုထားသောငွေကြေးဖြစ်ခြင်း Legal Tender
  
          ငွေစက္ကူတွေကို ယုံကြည်စွာနဲ့ လက်ခံအသုံးပြုတာဟာ အစိုးရက သူတို့ကို legal tender အဖြစ် တရားဝင် အသိအမှတ်ပြု သတ်မှတ်ပေးလို့ဘဲဖြစ်ပါတယ်.. ဆိုလိုတာက ငွေစက္ကူသည် မည်သည့်ကြွေးမြီပေးချေမှုအတွက်မဆို တရားဝင် လက်ခံပြီး အသိအမှတ်ပြုတဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ သို့သော် ပုဂ္ဂလိကလုပ်ငန်းတွေနဲ့ အစိုးရအတွက် ငွေစက္ကူမဟုတ်တဲ့ ပုံစံတွေ   ဖြစ်တဲ့ ချက်လက်မှတ်၊ မန်နီအော်ဒါ money order ၊ credit card စတာတွေနဲ့ ပေးချေမှုကလဲ တရားမဝင် မဖြစ်ပါဘူး။ အစိုးရက   ငွေစက္ကူကို legal tender ဖြစ်ပါတယ်လို့ တရားဝင်အမိန့်ထုတ် ထားတာထက်ကို လဲလှယ်မှုကိရိယာအဖြစ် အများက လက်ခံမှုက ပိုအရေးကြီးပါတယ်..။ ဥပမာ- ချက်လက်မှတ်ကို အစိုးရက legal tender ဖြစ်ပါတယ်လို့ တရားဝင် အမိန့်မထုတ်ထားသော်လဲဘဲ များစွာသော စီးပွားရေး အဆောက်အအုံတွေမှာ ကုန်စည်၊  ဆောင်ရွက်မှုနဲ့ သယံဇာတတွေ လဲလှယ်မှုအတွက် အသုံးပြုပါ တယ်..။
 
(၃) နှိုင်းယှဉ် ရှားပါးမှု Relative Scarcity

      အခြားအရာတွေရဲ့  စီးပွားရေးတန်ဘိုးလိုဘဲ ငွေကြေးရဲ့တန်ဘိုးဟာလဲ သူရဲ့  ဝယ်လိုအားနဲ့ ရောင်းလိုအားပေါ် မူတည် နေပါတယ်။ ပိုက်ဆံရဲ့တန်ဘိုးဟာ သူ့ရဲ့ အသုံးဝင်မှုနဲ့ ယှဉ်လိုက်ရင် သူ့ရဲ့ ရှားပါးမှုကနေ ရလာတာပါ။ ပိုက်ဆံရဲ့ အသုံးဝင်မှု ဆိုတာကလဲ အခု သို့မဟုတ် အနာဂတ်မှာ သူ့ရဲ့ ကုန်စည်နဲ့ ဆောင်ရွက်မှုတွေကို လဲလှယ်နိုင်စွမ်းရှိမှု အပေါ် မူတည်နေပါတယ်။ ဒါကြောင့် စီးပွားရေးအဆောက် အအုံရဲ့ငွေကြေးအတွက် ဝယ်လိုအားသည် မည်သည့်ကာလမှာမဆို   ငွေကြေးယူနစ်တစ်ခုနဲ့ ပေးချေတဲ့ လုပ်ဆောင်ချက် စုစုပေါင်း ပမာဏရယ်၊ လူတစ်ဦးချင်းစီနဲ့ စီးပွားရေးလုပ်ငန်းတွေက အနာဂတ် ကာလ လုပ်ဆောင်ချက် တွေအတွက် သိမ်းထားကိုင်ထားချင်တဲ့ စုစုပေါင်းငွေကြေးပမာဏရယ် နှစ်ခုပေါင်းပေါ် မူတည်နေပါတယ်။ သင့်တော်တဲ့ ပုံသေငွေကြေးဝယ်လိုအားနဲ့တကွ ငွေကြေးအာဏာပိုင်များက ထုတ်လုပ်တဲ့  ငွေကြေးရဲရာင်းလိုအား သည် ငွေကြေးယူနစ် (ကျပ်၊ ယန်း၊ ရင်းဂစ်၊ ဒေါ်လာ၊ ပီဆို စသည်) ရဲ  ပြည်တွင်းတန်ဘိုး သို့မဟုတ် ဝယ်ယူနိုင်စွမ်းအား purchasing power ကို ဆုံးဖြတ်ပေးပါတယ်။


Money and Prices


     ငွေကြေးရဲ့ purchasing power ဆိုတာ ငွေကြေးတစ်ယူနစ်နဲ့ဝယ်နိုင်တဲ့ ကုန်စည်နဲ့ ဆောင်ရွက်မှု ပမာဏဘဲ  ဖြစ်ပါ တယ်။ ငွေကြေးဟာ သူ့ရဲ့  purchasing power ဆုံးရှုံးပြီဆိုရင် သူ့ရဲ့ ငွေကြေးဆိုတဲ့ အနေအထားလဲ ဆုံးရှုံးသွားတာပါဘဲ..။

          ငွေကြေးယူနစ်တစ်ခုက ဝယ်ယူနိုင်တဲ့ပမာဏဟာ ဈေးနှုန်းအဆင့်နဲ့ ဆန့်ကျင်ဘက် ပြောင်းလဲနေပါတယ်။ ဆိုလိုတာက အထွေထွေဈေးနှုန်းအဆင့်နဲ့ ငွေကြေးယူနစ်ရဲ့ ဝယ်ယူနိုင်စွမ်းအားသည် ပြောင်းပြန်ဆက်စပ်နေပါတယ်။ စားသုံးသူဈေးဆနှုန်း ကိန်း consumer price index သို့မဟုတ် cost-of-living index တက်သွားပြီဆိုရင် ငွေကြေးယူနစ်
ရဲ့တန်ဘိုးကကျသွားပါတယ်။ အပြန်အလှန်အားဖြင့်လဲ မှန်ကန်ပါတယ်။ ဈေးနှုန်းတွေတက်တဲ့အတွက် ငွေကြေးယူနစ်ရဲ့တန်ဘိုးကို ကျဆင်းသွားစေတဲ့ အကြောင်းကတော့ ကုန်စည်၊ ဆောင်ရွက်မှုနဲ့  သယံဇာတတွေရဲ့ ပမာဏတစ်ခုကို ဝယ်ဖို့အတွက် ငွေကြေးယူနစ် ပိုမိုလိုအပ်လာ လို့ဘဲ ဖြစ်ပါတယ်။ ဥပမာ- ဈေးနှုန်းက ၂ဆ ဖြစ်သွားရင် ငွေကြေး ၁ ယူနစ်ရဲ့ တန်ဘိုးက တစ်ဝက်ကို ကျသွားပါတယ်။ 
ဆန့်ကျင်ဘက်ပြန်ပြောရရင် ဈေးနှုန်းတွေကျတာဟာ ငွေကြေးယူနစ်ရဲ့ တန်ဘိုးကို တက်စေပါတယ်။ ဘာလို့လဲဆိုတော့ ကုန်စည်နဲ့ဆောင်ရွက်မှုတွေကို ရရှိဖို့အတွက် ငွေကြေးယူနစ် နဲနဲဘဲလိုလို့ ဖြစ်ပါတယ်။ ဥပမာ- ဈေးနှုန်းက တစ်ဝက်ကျသွားတယ် ဆိုရင်  ငွေကြေးယူနစ်ရဲ့  purchasing power က ၂ဆ တက်သွားပါတယ်။ 
ညီမျှခြင်းပုံစံနဲ့ဆိုရင် ဒီလိုဖြစ်ပါမယ်..။

V = 1/P      where V = value of monetary unit, P = price level

V ရဲ့တန်ဘိုးကို ရှာဖို့ ၁ ကို ဈေးနှုန်းအဆင့်နဲ့ စားရပါတယ်။ ဈေးနှုန်းအဆင့်ကို index number နဲ့ဖော်ပြပါတယ်။ အကယ်၍ ဈေးနှုန်းအဆင့်က ၁ ဆိုရင် ငွေကြေးယူနစ်ရဲ့ တန်ဘိုးက ၁ ဖြစ်ပါတယ်။ အကယ်၍ ဈေးနှုန်းက ၁.၂၀ ကို တက်သွားတယ်ဆိုပါစို့။ အဲဒါဆို V တန်ဘိုးက ၀.၈၃၃ ကို ကျသွားပါတယ်။ ဈေးနှုန်း ၂၀ % တက်တာဟာ ငွေကြေး ယူနစ်တန်ဘိုးကို ၁၆.၆၇% ကျဆင်းသွားစေပါတယ်။ တကယ်လို့ ဈေးနှုန်းက ၁ ယူနစ်ကနေ ၀.၈၀ သို့ ၂၀ % ကျဆင်းသွားမယ် ဆိုရင် ငွေကြေး ယူနစ်တန်ဘိုးက ၁.၂၅ ကိုတက်သွားပါတယ်။ ၂၅ % တက်တဲ့ သဘောပေါ့။
တိုင်းပြည်တစ်ခုရဲ့ငွေကြေးဟာ ဘာတန်ဘိုးမှ မရှိတော့ဘဲနဲ့ လက်မခံကြတော့တဲ့ အခြေအနေ ဖြစ်လာရင်   ငွေကြေး   ဖောင်းပွမှု အရမ်းမြင့်တက်တဲ့ အခြေအနေ ဖြစ်လာလို့ပါ။ အစိုးရက ငွေစက္ကူများစွာကို ရိုက်ထုတ်တဲ့ အခါမှာ ငွေကြေးယူနစ် တစ်ခုစီရဲ့ purchasing power ဟာလုံးဝနီးပါးကို အားမရှိတော့ဘဲ hyperinflation ကို ဖြစ်စေပါတယ်။ ဒီလိုကိစ္စမျိုးဟာ ပထမ ကမ္ဘာစစ် အပြီး ဂျာမဏီ နိုင်ငံမှာ ဖြစ်ခဲ့ပါတယ်။ ၁၉၁၉ ခုနှစ်မှာ ပြည်တွင်းလှည့်လည်သုံးစွဲငွေပမာဏဟာ ဂျာမန်မတ်ငွေ ၅၀ ဘီလီယံ ရှိခဲ့ပါ တယ်။  ငွေဖောင်းပွမှုနဲ့ ပတ်သက်ပြီး သီးသန့် ရေးသားမှာ ဖြစ်ပါတယ်။
ငွေဖောင်းပွမှု တရှိန်ထိုးတက်လာခြင်းဟာ ငွေကြေးကို လက်ခံရရှိချိန်နဲ့ သုံးစွဲတဲ့ အချိန်ကြားမှာရှိတဲ့ ငွေကြေးရဲ့ တန်ဘိုးကို  သိသိသာသာ တန်ဘိုးကျစေပါတယ်။ ငွေကြေးတန်ဘိုး မြန်မြန်ဆန်ဆန်ကြီး ကျဆင်းသွားတာဟာ ကြားခံဖလှယ်ရေး ကိရိယာအဖြစ် သုံးစွဲခြင်းမှ ရပ်တန့်သွားစေပါတယ်။  စီးပွားရေးလုပ်ငန်းတွေ၊ အိမ်ထောင်စုတွေကလဲ ငွေစက္ကူကို လဲလှယ်မှု ကိရိယာ အနေနဲ့ လက်ခံဖို့ကို ငြင်းဆန်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီငွေစက္ကူတွေကို ပိုင်ဆိုင်ထားခြင်းဖြင့် တန်ဘိုး ဆုံးရှုံးမှာကို မခံနိုင်လို့ဘဲ ဖြစ်ပါတယ်။ အစိုးရက legal tender ဖြစ်ပါတယ်လို့ ဘယ်လိုဘဲ ကြေညာထားထား မရတော့ ပါဘူး။  ပြည်တွင်းမှာ လက်ခံလောက်စရာ ကြားခံ ဖလှယ်ရေးကိရိယာ မရှိတဲ့အခါ စီးပွားရေးအဆောက်အအုံဟာ ပစ္စည်းချင်း လဲလှယ်တဲ့ barter system ကို အလိုအလျောက်  ပြန်ရောက်သွားပါတယ်။ နောက်တစ်နည်းအနေနဲ့ ပိုပြီး တည်ငြိမ်တဲ့ ငွေကြေး ယူနစ်တွေဖြစ်တဲ့   ဒေါ်လာတို့၊ ယူရိုတို့ကို ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာကြပါတယ်။ နောက်ဆုံးပိတ် အစွန်းမှာတော့ တိုင်းပြည်ဟာ hyperinflation ကို တိုက်ထုတ်နိုင်ဖို့ အတွက်  ပြည်ပငွေကြေးယူနစ်ကို ကိုယ်ပိုင် တရားဝင်ငွေကြေးအဖြစ် လက်ခံ သုံးစွဲရပါ   တော့ တယ်။
အလားတူစွာဘဲ လူတွေဟာလဲ inflation ကြောင့် ငွေကြေးရဲ့တန်ဘိုး သိသိသာသာ ပျက်စီးသွားတာ မဖြစ်သေးသ၍   ငွေကြေးကို တန်ဘိုးကို သိုလှောင်ပေးတဲ့အရာအဖြစ် ဆက်လက်သုံးစွဲနေကြမှာဘဲ ဖြစ်ပါတယ်။ စီးပွားရေးအဆောက်အအုံ တစ်ခုသည် ငွေကြေးရဲ့  purchasing power တည်ငြိမ်နေတဲ့အခါမှာ ငွေကြေးကို ငွေစာရင်းယူနစ်အဖြစ်နဲ့ ထိရောက်စွာ အသုံးပြုနိုင်ပါတယ်။ purchasing power ကို ငွေကြေးဆိုင်ရာကိုက်တံ (yardstick) တစ်ခုအဖြစ် မတိုင်းတာနိုင်တော့တဲ့အခါ ဝယ်သူ နဲ့ ရောင်းသူတွေအတွက် ကုန်ဖလှယ်မှုအချိုး terms of trade ကို ရှင်းရှင်းလင်းလင်း မပြုလုပ်ပေးတော့ပါဘူး။ ငွေကြေး ယူနစ်တစ်ခုရဲ့တန်ဘိုး လျှင်လျှင်မြန်မြန် ကျဆင်းသွားတဲ့ အခါ ရောင်းသူတွေကလဲ ဘယ်လောက်ဈေးတောင်းရမယ်.. ဝယ်သူ   တွေကလဲ ဘယ်လောက်ပေးရမယ် ဆိုတာကို မသိကြတော့ပါဘူး။ 
ဈေးနှုန်းအဆင့် လျှင်လျှင်မြန်မြန် တိုးတက်မှုနဲ့ ငွေကြေးရဲ့  purchasing power ကို တိုက်စားမှုတို့ဟာ မကောင်းမွန်တဲ့၊ အဓိပ္ပါယ်မရှိတဲ့ စီးပွားရေးပေါ်လစီတွေကနေ ဖြစ်လာတာပါ။ ငွေကြေးရဲ့ purchasing power နဲ့ ဈေးနှုန်းအဆင့်ဟာ ပြောင်းပြန် ဆက်စပ်  နေတဲ့အတွက် ဈေးနှုန်းအဆင့် တည်ငြိမ်မှုရှိမှသာ ငွေကြေးရဲ့  purchasing power လဲ တည်ငြိမ်မှုရှိမှာ ဖြစ်ပါတယ်။ price level တည်ငြိမ်မှုဆိုတာ နှစ်စဉ် inflation က ၂ % ကနေ ၃% လောက်ကြားထဲရှိတဲ့ အခြေအနေပေါ့။ အဲဒီအခြေအနေ ရရှိဖို့သည် ငွေကြေးပမာဏနဲ့ အတိုးနှုန်း (ငွေကြေးမူဝါဒ) ကို စီမံခန့်ခွဲ စည်းကျပ်ဖို့ အဓိကလိုအပ်ပါတယ်။ ငွေဖောင်းပွမှုကို တိုက်ဖျက်ဖို့ အတွက် တိုင်းပြည်ရဲ့ငွေကြေးအာဏာပိုင်များက ကြိုးပမ်းအားထုတ်ရာမှာ သင့်တော်တဲ့ ဘဏ္ဍာရေးဆိုင်ရာမူဝါဒ Fiscal Policy အထောက်အပံ့ကလဲ လိုအပ်ပါတယ်။ ငွေကြေးအာဏာပိုင်များသည် ရရှိနိုင်တဲ့ ငွေကြေးပမာဏကို   ပြုလုပ်   ပေးပြီး   ပေါ်လစီကနေ တစ်ဆင့် အဲဒီပမာဏကို လဲ ပြောင်းလဲပစ်နိုင်ပါတယ်။
နောက်မှဘဲ ငွေကြေးဖန်တီးမှု၊ ငွေကြေးမူဝါဒ စတာတွေကို ရေးသားပါမယ်။ ဖတ်ရှုအကျိုးများနိုင်ပါစေ....။

McConnell, Brue နှင့် Flynn တို့ရေးသားသော eighteenth edition, "Economics, Principles, Problems, and Policies" ကို ကိုးကားဘာသာပြန်ပါသည်။

ဖြူ ဖြူ


2 comments: